အကြမ်းဖက်မှုများ ရပ်ရန်နှင့် ဒီမိုကရေစီသို့ ပြန်သွားရန် စစ်ကောင်စီကို ဖိအားပေးရမည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ပြော

အကြမ်းဖက်မှုများ ရပ်ရန်နှင့် ဒီမိုကရေစီသို့ ပြန်သွားရန် စစ်ကောင်စီကို ဖိအားပေးရမည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ပြော
Photo-AFP

မြန်မာစစ်ကောင်စီက လက်နက်ချပြီး ဒီမိုကရေစီ အုပ်ချုပ်ရေးသို့ ပြန်သွားရန် အမေရိကန်နှင့် ဒေသတွင်းနိုင်ငံများအနေဖြင့် ဖိအားပေးကြရမည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင့်ကင်က အရှေ့တောင်အာရှနိုင်ငံများအသင်း အာဆီယံ၏ နိုင်ငံခြားရေးဝန်ကြီးများအား သောကြာနေ့က ပြောခဲ့သည်။

လွန်ခဲ့သော နှစ်နှစ်ကျော်က ဒေါ်အောင်ဆန်းစုကြည်၏ အစိုးရအား ဖြုတ်ချပြီး စစ်အာဏာသိမ်းကာ သဘောထားကွဲလွဲသူများကို သေလောက်အောင် ဖြိုခွင်းသည့်နောက် သက်တမ်းနုသည် ဒီမိုကရေစီ အဆုံးသတ်သွားရသည့် မြန်မာနိုင်ငံတွင် အကြမ်းဖက်မှုများ ဖြစ်ပွားလျက် ရှိနေခြင်း ဖြစ်သည်။

“မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ ရပ်ဖို့၊ အာဆီယံ ဘုံသဘောတူညီချက် ငါးရပ်ကို အကောင်အထည်ဖော်ဖို့၊ ဒီမိုကရေစီ အုပ်ချုပ်ရေးဆီ ပြန်သွားဖို့ စစ်တပ်အုပ်ချုပ်သူတွေကို ကျွန်တော်တို့ ဖိအားပေးကြရမယ်”ဟု ဂျကာတာတွင် ကျင်းပသော အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင် ဘလင့်ကင်က ပြောသည်။

ယခု သီတင်းပတ် အာဆီယံ အစည်းအဝေးတွင် မြန်မာ့ပဋိပက္ခက လွှမ်းမိုးထားပြီး မြန်မာစစ်ကောင်စီနှင့် မည်သို့ ဆက်လက်ဆက်ဆံရမည်၊ ဆက်ဆံသင့်မသင့် အာဆီယံ၌ သဘောထားကွဲနေသည်။

စစ်ကောင်စီကို အာဆီယံ အဆင့်မြင့် အစည်းအဝေးများမှ တားမြစ်ထားသော်လည်း ထိုင်းနိုင်ငံသည် ပြီးခဲ့သည့်လ၌ အငြင်းပွားဖွယ် “အလွတ်သဘော ဆွေးနွေးပွဲ”သို့ စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးကို ဖိတ်ကြားခဲ့၍ အဖွဲ့အတွင်း ကွဲလွဲမှု ထပ်တိုးရသည်။

အဖွဲ့ဝင် ၁၀ နိုင်ငံပါ အာဆီယံသည် မြန်မာ့အရေးတွင် ထိထိရောက်ရောက် မရှိမှုကြောင့် ရေရှည် ဝေဖန်ခံနေရသကဲ့သို့ အကျပ်အတည်းအား ဖြေရှင်းရေး သံတမန်ကြိုးပမ်းမှုတွင် သဘောထားကွဲနေကြဆဲ ဖြစ်သည်။

အဘက်ဘက်မှ အကြမ်းဖက်မှုများကို ရှုတ်ချကြောင်းနှင့် စစ်ကောင်စီက မသိကျိုးကျွန် ပြုထားသည့် ဘုံသဘောတူညီချက် ငါးရပ်အား အခြေခံမူအဖြစ် ဆက်ထားရေးကို ကြာသပတေးနေ့ နှောင်းပိုင်း ပူးတွဲထုတ်ပြန်ချက်တွင် အာဆီယံက ဆိုထားသည်။

(မိုးသဲ ဘာသာပြန်သည်။)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly