မန္တလေးတွင် ပိုင်ရှင်မဲ့အလောင်းတွေ့ရှိမှုများလာပြီး  ၁ရက်တည်း ၉ လောင်းမီးသဂြိုလ်

By 007 (မဇ္စျိမ)
12 July 2023
မန္တလေးတွင် ပိုင်ရှင်မဲ့အလောင်းတွေ့ရှိမှုများလာပြီး  ၁ရက်တည်း ၉ လောင်းမီးသဂြိုလ်
ပိုင်ရှင်မဲ့ရုပ်အလောင်းတစ်ခုအား သယ်ဆောင်လာစဉ်  ဓာတ်ပုံ -  စေတနာမေတ္တာကရုဏာပရဟိတလူမှုကူညီရေးအသင်း

မန္တလေးမြို့တွင်  ပိုင်ရှင်မဲ့အလောင်းတွေ့ရှိမှုများလာပြီး ဇူလိုင်လ ၈ ရက်နေ့က တစ်ရက်တည်း ရုပ်အလောင်းကိုးခု မီးသဂြိုလ်ပေးခဲ့ရကြောင်း လူမှုကူညီရေးအသင်းများက ပြောသည်။

ဇူလိုင်လ ၈ရက်က မန္တလေးဆေးရုံကြီးရင်ခွဲရုံမှပိုင်ရှင်မဲ့အလောင်းကိုးလောင်းကို မီးသဂြိုလ်‌ပေးရန် ဆေးရုံတာ၀န်ရှိသူများ၏အကူအညီတောင်းခံမှုအရ မြို့ခံပရဟိတ လူမှုကူညီရေးအသင်းနှစ်ခုက သုဿန်သို့ပို့ဆောင်ပေးခဲ့သည်ဟု သိရသည်။

“ပိုင်ရှင်မဲ့အလောင်းတွေကို ရင်ခွဲရုံမှာစစ်ဆေးပြီးရင် သင်္ချိုင်းပို့ပြီးသဂြိုလ်ပေးရတယ်။ ဒါက လူမှုရေးအသင်းတွေနဲ့ဆေးရုံနဲ့ချိတ်ဆက်ပြီးလုပ်ရတာတွေ ပေါ့။ အဲဒီနေ့ကတော့ တစ်ရက်တည်းမှာပဲ အလောင်းကိုးလောင်း သင်္ချိုင်းပို့ပေးဖို့ ဆေးရုံဘက်ကအကူအညီတောင်းလို့ ညီနောင်အသင်းနှစ်ခုက သွားကူညီပေးခဲ့တာပါ။ မီးသဂြိုလ်တာကတော့ သင်္ချိုင်းကလုပ်တာပါ” ဟု မြို့ခံလူမှုကယ်ဆယ်ရေးအသင်းတစ်ခုမှတာ၀န်ရှိသူကပြောသည်။

မန္တလေးမြို့တွင် ပြီးခဲ့သည့်ဇွန်လအတွင်း ပိုင်ရှင်မဲ့အလောင်း ၁၀ လောင်းတွေ့ရှိခဲ့သည်ဟု သိရသည်။ သတ်ဖြတ်ခံရသည့် အနေအထားဖြင့် သေဆုံးနေသည့် အလောင်းတစ်လောင်းတွေ့ရပြီး ကျန်ကိုးလောင်းသည်  အကြောင်းရင်းမသိရဘဲ သေဆုံးနေခြင်းဟု လူမှုကူညီရေးအသင်းများကပြောသည်။

“လမ်းဘေးသေဆုံးအလောင်းတွေ့ရှိမှုတွေ ပြီးခဲ့တဲ့ရက်ပိုင်းကလည်း လေးရက်ဆက်တိုက်ဖြစ်ခဲ့တယ်။ အလောင်းသွားသယ်ပေးရတဲ့အခါ တချို့က ထိတ်လန့်နေကြတယ်။ ရောဂါကြောင့်သေတာလားဘာလားမေးကြရင် ကျွန်တော်တို့လည်းမဖြေတတ်ဘူး” ဟု မန္တလေးမြို့ခံလူမှုကူညီရေးလုပ်ဆောင်သူတစ်ဦးကပြောသည်။

ဇူလိုင် ၈ရက်က မီးသဂြိုလ်‌ခဲ့သည့် ရုပ်အလောင်းကိုးခုသည် ပြီးခဲ့သည့် ဇွန်လအတွင်း ပိုင်ရှင်မဲ့တွေ့ရသည့် ရုပ်အလောင်းများကို ရင်ခွဲစစ်ဆေးပြီးနောက် စုစည်းသဂြိုလ်‌ခြင်းဟု သိရသည်။

မန္တလေးမြို့တွင် ယခုနှစ် ၂၀၂၃ ဇန်နဝါရီလမှစ၍ စစ်ကောင်စီက ကျူးကျော်ဟုသတ်မှတ်ခံရသည့်နေအိမ်များ ဖယ်ရှားခံရပြီးနောက် မြို့တွင်းရပ်ကွက်များထဲတွင်  အိမ်ခြေရာမဲ့၀င်ရောက်နေထိုင်သူများပြားလာပြီး ပိုင်ရှင်မဲ့အဖြစ်သေဆုံးမှုများလည်း မကြာခဏဖြစ်‌ပေါ်နေကြောင်း မြို့ခံလူမှုကူညီရေးအသင်းများကပြောသည်။

စာတည်း - မောင်ကြီး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required