သန်လျင်တွင် မိုင်းရှာဖွေရှင်းလင်းရေးပြုလုပ်စဉ် ပေါက်ကွဲမှုဖြစ်၍ စစ်ကောင်စီတပ်သား ၃ ဦး ဒဏ်ရာရ

By ရောင်နီ (မဇ္စျိမ)
06 July 2023
သန်လျင်တွင် မိုင်းရှာဖွေရှင်းလင်းရေးပြုလုပ်စဉ် ပေါက်ကွဲမှုဖြစ်၍ စစ်ကောင်စီတပ်သား ၃ ဦး ဒဏ်ရာရ

ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ်တွင် မိုင်းရှာဖွေရှင်းလင်းရေးပြုလုပ်စဉ် ပေါက်ကွဲမှု ဖြစ်ပွားရာမှ စစ်ကောင်စီတပ်သားသုံးဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်က မဇ္စျိမသို့ ပြောသည်။

သန်လျင်မြို့နယ်၊ အောင်ချမ်းသာ(၁)ရပ်ကွက်၊ တပင်ရွှေထီးလမ်းနှင့် ဗိုလ်မိုးလမ်းဆုံတွင် ဇူလိုင်လ ၄ ရက် နေ့ ညပိုင်းက ကာကွယ်ရေးတပ်ဖွဲ့များမှ ဖောက်ခွဲမှုတခုပြုလုပ်ခဲ့ကြသည်။ ပေါက်ကွဲမှုဖြစ်ပွားသည့် အဆို ပါနေရာအနီးတဝိုက်သို့ ဇူလိုင်လ ၅ ရက်နေ့ နံနက်ပိုင်းက စစ်ကောင်စီတပ်သားများ လာရောက်စစ်ဆေး နေစဉ် ထပ်မံပေါက်ကွဲခဲ့ခြင်းဖြစ်သည်။

“ညဘက်ပေါက်တဲ့နေရာကို လာစစ်တဲ့အချိန် ထပ်ပေါက်တာ။ ဗုံးကိုတုတ်နဲ့ထိုးတဲ့အချိန်မှာ ထပေါက်တာ လို့လည်း ကြားတယ်။ သုံးယောက်ထိတယ်” ဟု ဒေသခံသတင်းရင်းမြစ်က ပြောသည်။ 

မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့သည့်နေရာသို့ လူနာတင်ယာဉ်များရောက်ရှိလာပြီး စစ်ကောင်စီတပ်သားများ၏ ထိခိုက်မှုအခြေအနေအသေးစိတ်ကိုမသိရကြောင်း ၎င်းကဆိုသည်။

စစ်ကောင်စီတပ်သားများ ထိခိုက်ဒဏ်ရာရခဲ့သည့်အတွက် ထပ်မံအင်အားဖြည့်တင်းကာ တပင်ရွှေထီး လမ်းမတလျှောက် ပိတ်ဆို့စစ်ဆေးခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

“ ဖြစ်တဲ့နေရာက ပြည်သူ့တွေကိုတော့ ရမ်းသွားတာပေါ့။ သူတို့ထိရင် ထုံးစံပဲလေ။ ပြည်သူ့တွေအနေနဲ့ မသက်ဆိုင်တဲ့အရာတွေကို မကိုင်တွယ်ဖို့နဲ့၊ စခတွေ၊ သူတို့နဲ့ပတ်သက်တဲ့ လူတွေနဲ့ နီးနီးကပ်ကပ်မနေဖို့ အကြံပြုချင်ပါတယ်” ဟု ဒေသတွင်းသတင်းများဖော်ပြနေသည့် သန်လျင်မီဒီယာတာဝန်ရှိသူက ဆိုသည်။ 
ရန်ကုန်တိုင်းခရိုင်လေးခုရှိ စစ်ကောင်စီတပ်စခန်း၊ ဦးစီးဌာနများအပါအဝင် စစ်ရေးပစ်မှတ်နေရာ ခြောက် ခုကို ဇူလိုင်လ ၄ ရက်နေ့ ညပိုင်းတွင် မြို့ပြပြောက်ကျားများက ဗုံး ၁၂ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

မိုင်းရှင်းလင်းရေး လုပ်ဆောင်စဉ် ထပ်မံပေါက်ကွဲမှုဖြစ်ပွားခဲ့သည့်နေရာမှာ စစ်ကောင်စီတပ်က ပြည်သူ များ၏ဆိုင်ကယ်များကို အတင်းအကျပ် စစ်ဆေးသည့်နေရာဖြစ်ကြောင်း မြို့ပြပြောက်ကျားတပ်ဖွဲ့များက သတင်းထုတ်ပြန်ထားသည်။

စစ်ကောင်စီဝါဒဖြန့်ဒီယာများတွင်လည်း သန်လျင်မြို့နယ်၊ တပင်ရွှေထီးလမ်းဘေး အမှိုက်ပုံတွင် မပေါက် ကွဲသေးသည့် လက်လုပ်ဗုံး နှစ်လုံးတွေ့ရှိခြင်းကြောင့် အတားအဆီးပြုလုပ် ဖောက်ခွဲဖျက်ဆီးခဲ့ကာ ထိ ခိုက်မှုမရှိကြောင်း ဖော်ပြကြသည်။

စာတည်း ။ ။ Alden
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required