မြိတ်နှင့်ဘုတ်ပြင်မြို့နယ်တို့တွင် တိုက်ပွဲများဖြစ်ပွား၊ စစ်ကောင်စီတပ်မှ ထိခိုက်သေဆုံးမှုရှိဟုဆို

By ကိုရွှေမြိတ်(မဇ္ဈိမ)
05 July 2023
မြိတ်နှင့်ဘုတ်ပြင်မြို့နယ်တို့တွင် တိုက်ပွဲများဖြစ်ပွား၊ စစ်ကောင်စီတပ်မှ ထိခိုက်သေဆုံးမှုရှိဟုဆို

တနင်္သာရီတိုင်း၊ မြိတ်နှင့် ဘုတ်ပြင်းမြို့နယ်တို့တွင် စစ်ကောင်စီဂိတ်နှင့် ကင်းလှည့်ယာဉ်တို့ကို မဟာမိတ်ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုရှိခဲ့ကြောင်း PDF တပ်ဖွဲ့ဝင်များထံမှ သိရသည်။

ကော့သောင်းခရိုင်၊ ဘုတ်ုပြင်းမြို့နယ်ရှိ လေညာ-မဏ္ဍိုင်အနီး ချောင်းမွန်ကျေးရွာအလွန်ရှိ ဒေသအခေါ် Rzero  သို့ ကင်းလှည့်လာသည့် စစ်ကောင်စီတပ်ဖွဲ့များစီးနင်းလိုက်ပါလာသည့် ယာဉ်တန်းကို ဇူလိုင်လ ၃ ရက်နေ့ ညနေ ၄  နာရီ ၄၅ မိနစ်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ခြုံခိုတိုက်ခိုက်ရာမှ စစ်ကောင်စီတပ်သား ငါးဦးသေဆုံးကာ လက်နက်သုံးလက် သိမ်းဆည်းနိုင်ခဲ့သည်ဟု ဘုတ်ပြင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံမှ သိရသည်။

ဘုတ်ပြင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်မှ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက “တိုက်ပွဲဖြစ်စဉ် ကတော့မှန်တယ်။ အဓိက ကတော့ စစ်တပ်ဘက်က လူကြီးလမ်းကြောင်းရှိလို့ ကင်းလှည့်လာတဲ့အချိန် မှာ တိုက်ခိုက်မှုပြုလုပ်ခဲ့တာဖြစ်တယ်။ ကျန်တဲ့ အသေးစိတ်အချက်အလက်ကိုတော့ တိုက်ပွဲဖော်ဆောင် တဲ့အဖွဲ့က သတင်းမထုတ်ပြန်သေးတာ ဖြစ်ပါတယ်”ဟု ပြော သည်။

စစ်ကောင်စီလက်အောက်ခံ ဘုတ်ပြင်းအခြေစိုက် ခလရ(၂၂၄)၊ လေညာ-မဏ္ဍိုင်မှ ခမရ(၅၆၀)၊ ခမရ (၅၅၉)တို့နှင့် တော်လှန်ရေးတပ်ပေါင်းစုတို့၏ ထိတွေ့တိုက်ပွဲတွင် စစ်ကောင်စီတပ်သား ငါးဦး သေဆုံးခဲ့ သည်။

အလားတူ ဇူလိုင်လ ၄ ရက်နေ့ မွန်းတည့်၁၂ နာရီတွင် မြိတ်-တနင်္သာရီလမ်းပိုင်း၊ တုံးဗျောကျေးရွာရှိ တုန်းဗျောကြီးရွာ စာသင်ကျောင်းအနီးတပ်စွဲထားသည့် စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး တပ်သားအချို့ သေဆုံးကာ ဒဏ်ရာရသူများလည်းရှိကြောင်း ဒေသခံများထံမှ သိရသည်။

“ဘယ်နှစ်ဦးသေလည်းဆိုတာ သေချာမသိရဘူး။ လမ်းပေါ်မှာ စစ်ကောင်စီတပ်သား နှစ်ယောက်လောက် သေနေတာတော့ တွေ့ရတယ်။ တိုက်ပွဲပြီးတော့ အရေးပေါ်ကားတွေ လာတာတွေ့ရတယ်” ဟု တုံးဗျော ကျေးရွာမှဒေသခံတဦးက ပြောသည်။

စစ်ကောင်စီ၏ယာယီဂိတ်စခန်းကို PDF ပူးပေါင်းအဖွဲ့က လက်နက်ငယ်များဖြင့် သွားရောက်တိုက်ခိုက် သည့်အပြင် ဒရုန်းဖြင့်ပါတိုက်ခိုက်ခဲ့ကြောင်းသိရပြီး အသေးစိတ်မသိရသေးကြောင်း တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ကပြောသည်။

“တိုက်ပွဲဖြစ်တာတော့ ဟုတ်ပါတယ်။ စစ်ရေးအရ တပ်နဲ့အရမ်းနီးနေလို့ တပ်ဖွဲ့ဝင်တွေအနေနဲ့ ချက်ချင်း သတင်းမထုတ်ပြန်နိုင်သေးဘူး”ဟု တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူက ပြော သည်။

လက်ရှိတွင် တနင်္သာရီမြို့နယ်တွင် စစ်ရေးတင်းမာနေ၍ PDF ပူးပေါင်းတပ်ဖွဲ့က ဇွန်လ ၃၀ ရက်နေ့မှ စတင်ပြီး အနီရောင်အဆင့်အဖြစ်သတ်မှတ်ထားပြီး ညပိုင်းအချိန်တွင် ပြည်သူများအား ခရီးသွားလာခြင်း မပြုလုပ်ရန် သတိပေး ထုတ်ပြန်ထားသည်။

စာတည်း။   ။စောဖေ
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly