ကလေးမြို့နှင့် ချင်းပြည်နယ်ကိုဆက်သွယ်ထားသောလမ်အား စစ်ကောင်စီတပ်က ပိတ်ထား

By ပါခွီး (မဇ္စျိမ)
04 July 2023
ကလေးမြို့နှင့် ချင်းပြည်နယ်ကိုဆက်သွယ်ထားသောလမ်အား စစ်ကောင်စီတပ်က ပိတ်ထား

စစ်ကိုင်းတိုင်း၊ ကလေးမြို့နှင့် ချင်းပြည်နယ်သို့ဆက်သွယ်ထားသော ကားလမ်းကို စစ်ကောင်စီ တပ်ကပိတ်ထားကြောင်း ဒေသခံများနှင့် ယာဉ်မောင်းသူများထံမှ သိရသည်။

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ သိုင်းငင်းရွာအထက်ရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်က ခရီးသွားများနှင့် ယာဉ်လိုင်းများကို စစ်ဆေး၊ လုယက်၊ ငွေတောင်းဖမ်းဆီးမှုများ အလွန်အကျွံပြုလုပ်လာသဖြင့် ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့ (CDF-CDM SIYIN)က ဇွန်လ ၃၀ရက်နေ့တွင် ရွာခံပြည်သူများကို လုံခြုံရာသို့ ရှောင် တိမ်းပေးကြရန် ထုတ်ပြန်အသိပေးခဲ့ကြောင်း ဆိုသည်။

ယင်းနောက် ကလေးမြို့မှ အင်အား ၆၀ ခန့်ပါ စစ်ကောင်စီတပ်ဖြင့် သိုင်းငင်းကျေးရွာသို့ အင်အားဖြည့် တင်းခဲ့ပြီး နှစ်ဖက်စစ်ရေးတင်းမာလာကာ ကလေးမြို့မှကားများ သွားလာခွင့် ပိတ်ပင်ခံရခြင်းဖြစ်ကြောင်း သိရသည်။

“ကားလမ်းပိတ်တာဟုတ်တယ် ကားမထွက်ဘူး၊ ဗုဒ္ဓဟူးလောက်တော့ဖွင့်မယ်ကြားတယ်။ ကြာသပတေး နေ့လောက် ကားပြန်ထွက်နိုင်မယ်ထင်တာပဲ” ဟု ကလေးမြို့နှင့် ချင်းပြည်နယ်သို့ပြေးဆွဲနေသည့် ယာဉ် မောင်းတဦးကမဇ္စျိမကိုပြောသည်။

စစ်ကောင်စီနှင့် ချင်းကာကွယ်ရေးတပ်အကြား ထိတွေ့မှုများမရှိသေးသော်လည်း အချိန်မရွေးတိုက်ပွဲ ဖြစ် ပွားနိုင်ပြီး စစ်ကောင်စီဘက်မှ ဂျက်တိုက်လေယာဉ်ဖြင့် ကင်းထောက်လှမ်းခဲ့ကြောင်းဆိုသည်။
ချင်းကာကွယ်ရေးတပ်ဖွဲ့ထံသို့ အခြေအနေကို ဆက်သွယ်မေးမြန်းခဲ့သော်လည်း လတ်တလောအားဖြင့် မေးခွန်းများကို ဖြေမပေးနိုင်သေးကြောင်း အကြောင်းပြန်ခဲ့သည်။

ကလေးမြို့မှတောင်ပေါ်သို့တက်မည့်ကားများမှာ RTC ဝင်းအတွင်း အစစ်ဆေးခံရပြီး ၈ မိုင်ဂိတ် ကလေး တက္ကသိုလ်မုခ်ဦးရှေ့တွင်လည်း စစ်ကောင်စီတပ်နှင့်ရဲများကစစ်ဆေးပြီးနောက် တီးတိန်မြို့နယ်၊ ခိုင်ကမ်း ရဲစခန်းရှေ့တွင် ထပ်မံစစ်ဆေးခံရကြောင်း သိရသည်။

ကလေးမြို့မှ ချင်းပြည်နယ်သို့ ဆန်၊ ဆီ၊ ဆား ၊ ငါးပိ ၊ ငါးခြောက်အမျိုးမျိုး၊ ကြက်ဥ၊ ကြက်သားမှအစ မုန့်ပဲ သရေစာ၊ အချိုရည်၊ အရက်၊ ဘီယာ၊ စားသောက်ကုန်များ ၊ နေ့စဉ်လူသုံးကုန်များ၊ အိမ်ဆောက်ပစ္စည်းများ နေ့စဉ်တင်ပို့လျက်ရှိပြီး ချင်းပြည်မှစိုက်ပျိုးရေးထုတ်ကုန်များကို ကလေးမြို့သို့တင်ပို့လျက်ရှိကြောင်း ဒေသခံတဦးက ပြောသည်။

လမ်းပိတ်ဆို့မှုအချိန်ကြာလျှင် ၎င်းလမ်းကိုအမှီပြုပြီး လုပ်ကိုင်နေသောသူများ၊ ကုန်သည်များမှအစ သာမန်ပြည်သူများ ထိခိုက်နစ်နာနိုင်ကြောင်း ဒေသခံများကပြောကြားသည်။

စာတည်း။  ။စောဖေ
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly