သံတံတားဂိတ် ၂ ရက်ဆက်တိုက် ဒရုန်းဖြင့် တိုက်ခိုက်ခံရ၊ စစ်ကောင်စီတပ်သား ၇ ဦးသေဆုံး 

By YT (မဇ္ဈိမ)
02 July 2023
သံတံတားဂိတ် ၂ ရက်ဆက်တိုက် ဒရုန်းဖြင့် တိုက်ခိုက်ခံရ၊ စစ်ကောင်စီတပ်သား ၇ ဦးသေဆုံး 

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်နှင့် ဘီးလင်းမြို့နယ်ကြားရှိ သံတံတားစစ်ကောင်စီဂိတ်စခန်း (သဲဖြူချောင်းတံတားဂိတ်)အား နှစ်ရက်ဆက်တိုက် သွားရောက်တိုက်ခိုက်ခဲ့ကြောင်း သထုံခရိုင် PDF တာဝန်ခံနှင့် တပ်မဟာ (၁) KNLA သတင်းရင်းမြစ်ထံက သိရသည်။ 

"ဘန်ကာတစ်ခု ထိခိုက်ပျက်စီးခဲ့ပါတယ်။ တိုက်ခိုက်ခဲ့တဲ့အခြေအနေကတော့ အောင်မြင်တယ်ပြောရမယ်။ ရာနှုန်းပြည့် အားရကျေနပ်မှု မရှိသေးဘူး။ ပြည်သူတွေက ဒီထက်မက မီးရှို့ဖျက်ဆီးခံထားရတာဖြစ်ပါတယ်” သထုံခရိုင် PDF တာဝန်ခံ ကိုအေးမင်းထွန်းက မဇ္ဈိမကိုပြောသည်။ 

ယမန်နေ့ ဇူလိုင်လ ၁ ရက် နေ့လယ် ၁၂ နာရီ ၂၀ မိနစ်မှစ၍ မွန်းလွဲ ၂ နာရီအထိ သံတံတားစစ်ကောင်စီဂိတ်စခန်းအား တပ်မဟာ (၁) KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့က ဒရုန်းဖြင့် ဗုံးသီး ၁၄ လုံးချကာ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ 

"သွားတိုက်တာက မနေ့တုန်းက (ဇူလိုင်လ ၁ ရက်)နဲ့ တစ်နေ့က (ဇွန်လ ၃၀ ရက်) ပေါ့။ နှစ်ရက်ဆက်တိုက် ဒရုန်းနဲ့ သွားတိုက်တာပါ။ ပထမရက်ကတော့နှစ်ယောက်သေတယ်။ မနေ့တုန်းက တိုက်တာမှာက ငါးယောက်သေတယ်" ဟု တပ်မဟာ (၁) KNLA သတင်းရင်းမြစ်က မဇ္ဈိမကိုပြောသည်။ 

တပ်မဟာ (၁) KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့၏ ဒရုန်းဖြင့် တိုက်ခိုက်မှုပြုလုပ်စဉ်နှင့် တိုက်ခိုက်မှုအပြီးတို့တွင် သံတံတားစစ်ကောင်စီဂိတ်စခန်းအတွင်းမှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်မှုများရှိကြောင်း KNLA သတင်းရင်းမြစ်က ဆိုသည်။ 

ထို့အပြင် ပြီးခဲ့သည့် ဇွန်လ ၃၀ ရက် ညနေပိုင်းကလည်း အဆိုပါ သံတံတားစစ်ကောင်စီ ဂိတ်စခန်းအား ဒရုန်းဖြင့် ဗုံးသီးလေးလုံးချကာ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ 

သံတံတားဂိတ်စခန်းအား နှစ်ရက်ဆက်တိုက် ဒရုန်းဖြင့် တိုက်ခိုက်သည့် စစ်ဆင်ရေးအား တပ်မဟာ (၁) KNLA၊ ကျိုက်ထိုတော်လှန်ရေးအင်အားစု (KRF)၊ PDF၊ ကျိုက်ထို ပ.က.ဖ၊ ပအိုဝ်းပြည့်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ခမ်းဒေါမ်) PPDF-KD၊ Yangon Eagle Force ပူးပေါင်းတပ်ဖွဲ့မှ ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။ 

သံတံတား စစ်ကောင်စီဂိတ်စခန်းသည် စစ်ကောင်စီတပ်သား ၁၅ ဦးဝန်းကျင်ဖြင့် အထိုင်ချ လုံခြုံရေးယူထားသော ဂိတ်စခန်းတစ်ခုဖြစ်ပြီး တော်လှန်ရေးအင်အားစုများ၏ လက်နက်ကြီးပစ်ခတ်မှု၊ ဒရုန်းဖြင့် ဗုံးကြဲမှုတို့ မကြာခဏ ပြုလုပ်ခံရလေ့ရှိသော ဂိတ်တစ်ခုဖြစ်ကြောင်းလည်း သိရသည်။

စာတည်း။        ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly