ဘီးလင်းတွင် ပူးပေါင်းတပ်ဖွဲ့က မိုင်းဆွဲရာ  စစ်ကောင်စီတပ်သား ၁၂ ဦး သေဆုံး 

By YT (မဇ္ဈိမ)
01 July 2023
ဘီးလင်းတွင် ပူးပေါင်းတပ်ဖွဲ့က မိုင်းဆွဲရာ  စစ်ကောင်စီတပ်သား ၁၂ ဦး သေဆုံး 
ဓါတ်ပုံ- KNLA တပ်ဖွဲ့ဝင်များ

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်တွင် ယမန်နေ့ ဇွန်လ ၃၀ ရက်နေ့က စစ်ကောင်စီတပ်သားများ စီးနင်းလာသည့် ယာဉ်တန်းအား ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ PDF ပူးပေါင်းတပ်ဖွဲ့များက မိုင်းဆွဲတိုက်ခိုက်မှု နှစ်ကြိမ်ပြုလုပ်ခဲ့ပြီး စစ်ကောင်စီတပ်သား ၁၂ဦး သေဆုံးခဲ့ကြောင်း တော်လှန်ရေးအင်အားစုများထံက သိရသည်။ 

ယမန်နေ့ ဇွန်လ ၃၀ ရက်နေ့၊ နံနက် ၈ နာရီဝန်းကျင်တွင် ကျိုက်ထိုမြို့ဘက်မှ ဘီးလင်းမြို့နယ်ဘက်သို့ မောင်းနှင်လာသော စစ်ကောင်စီတပ်သားများ လိုက်ပါစီးနင်းလာသည့် လေးစီးပါ စစ်ယာဉ်တန်းအား ဘီးလင်းမြို့နယ်၊ အလူးလေးကျေးရွာ၊ အထပ်သားပြားစက်ရုံအနီးတွင် တပ်မဟာ (၁)KNLA ပါဝင်သော ပူးပေါင်းစစ်ကြောင်းက မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း KNLA သတင်းရင်းမြစ်ထံက သိရသည်။ 

" ကျိုက်ထိုကနေ ဘီးလင်းဘက်ကို ဖြတ်မောင်းလာတဲ့ စစ်ကားလေးစီးပါ၊ အထပ်သားရုံနားမှာ မိုင်းဆွဲခဲ့တာဖြစ်ပါတယ်၊ ကားနှစ်စီးထိပါတယ်။ အသေပျောက်က ရှစ်ယောက်လို့တော့ ကြားတယ်၊ ဒဏ်ရာရတာတွေလည်း ရှိတယ်" ဟု တပ်မဟာ (၁) KNLA သတင်းအရင်းအမြစ်က မဇ္ဈိမကိုပြောသည်။ 

မိုင်းဆွဲခံရမှုဖြစ်စဉ်ကြောင့် စစ်ကောင်စီတပ်သားရှစ်ဦး ထိခိုက်သေဆုံးခဲ့ရပြီး ထိခိုက်ဒဏ်ရာရသူများလည်းရှိကာ ကျန်ရှိနေသော စစ်ကောင်စီတပ်သားများသည် ကျိုက်ထိုမြို့နယ်ဘက်သို့ ပြန်လည်ဆုတ်ခွာသွားကြကြောင်း သိရသည်။ 

ထို့အပြင် ယမန်နေ့ ဇွန်လ ၃၀ ရက်နေ့၊ နံနက် ၉ နာရီ ၅၀ မိနစ်ခန့်တွင် ဘီးလင်းမြို့နယ်ဘက်သို့ မောင်းနှင်လာသည့် စစ်ကောင်စီတပ်သားများ လိုက်ပါစီးနင်းလာသော ၁၂ ဘီးကားအား ဘီးလင်းမြို့နယ်၊ အလူးလေးကျေးရွာ၊ MK ဆီဆိုင်အနီးတွင် တပ်မဟာ (၁) KNLA၊ PDF ပူးပေါင်းစစ်ကြောင်းက မိုင်းနှစ်လုံးဆွဲကာ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ 

" မိုင်းဆွဲတယ်။ မိုင်းဆွဲပြီးတော့ ပစ်ခတ်မှုဖြစ်တယ်ပေါ့။ စစ်ဆင်ရေးတစ်ခုလုံး မိနစ် ၂၀ နီးပါးကြာတယ်ဗျ၊ အသေအဆုံးက လောလောဆယ် လေးဦး၊ ဒဏ်ရာရတာက ခုနစ်ဦးလောက်ရှိတယ်" ဟု အဆိုပါဖြစ်စဉ်အတွင်း ပါဝင်ခဲ့သော တော်လှန်ရေးရဲဘော်တစ်ဦးက မဇ္ဈိမကိုပြောသည်။ 

အဆိုပါ မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် ၁၂ ဘီးကားသည် ခါးလယ်ပိုင်း ပျက်စီးသွားခဲ့ပြီး ထိုကားပေါ်ပါလာသော စစ်ကောင်စီတပ်သားများနှင့် တပ်မဟာ (၁) KNLA၊ PDF ပူးပေါင်းစစ်ကြောင်းအကြား အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း ဆိုသည်။ 

အဆိုပါ ဖြစ်စဉ်အတွင်း စစ်ကောင်စီတပ်သား လေးဦး သေဆုံး၍ ခုနစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး KNLA၊ PDF ပူးပေါင်းစစ်ကြောင်းဘက်တွင် အထိအခိုက်အကျအဆုံး မရှိကြောင်း သိရသည်။ 

အဆိုပါ ပစ်ခတ်မှုဖြစ်စဉ်များအတွင်း အလူးလေးကျေးရွာအတွင်းမှ ဒေသခံများသည် ဘေးလွတ်ရာသို့ ခေတ္တရှောင်တိမ်းခဲ့ကြသော်လည်း ယမန်နေ့ ဇွန်လ ၃၀ ရက်နေ့၊ ညနေပိုင်းတွင် နေရပ်သို့ ပြန်လည်နေထိုင်နေကြပြီဖြစ်ကြောင်း သိရသည်။

ယနေ့ ဇူလိုင်လ ၁ ရက်နေ့တွင် စစ်ရေးအရှိန်အဟုန် မြှင့်တင်ဆောင်ရွက်သွားမည်ဖြစ်သဖြင့် ဒေသခံများ ထိခိုက်နစ်နာမှု နည်းစေရန် အသွားအလာ ကန့်သတ်သည့်အကြောင်း NUG၊ ကာကွယ်ရေးဝန်ကြီးဌာန၊ တောင်ပိုင်းစစ်ဒေသ၊ အမှတ် (၂) စစ်ဒေသခွဲက ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်ထားသည်။ 

အဆိုပါ ထုတ်ပြန်ချက်တွင် ရန်ကုန်- မုတ္တမလမ်း၊ ရန်ကုန်- ဘားအံလမ်း၊ ရန်ကုန်- မန္တလေး လမ်းဟောင်း၊ အမြန်လမ်း၊ ပဲခူး- စစ်တောင်းလမ်း ပေါ်သို့ ဖြတ်သန်းသွားလာမည့် ဒေသခံများအနေဖြင့် နံနက် ၆ နာရီမှ ညနေ ၆ နာရီအတွင်းသာ သွားလာပေးကြပါရန်၊ တော်လှန်ရေးအင်အားစုများ​၏ စစ်ဆေးမှုအား ကြည်ဖြူစွာလက်ခံရန် ပါရှိသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly