ရုရှနှင့် စစ်ကောင်စီကြား သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် ထူထောင်ထားသော ပူးတွဲကော်မတီတစ်ရပ်သည် နှစ်နိုင်ငံကြားက နျူကလီးယား ပူးပေါင်းဆောင်ရွက်မှုအတွက် ဆွေးနွေးရန် ပထမဆုံးအကြိမ်အဖြစ် တွေ့ဆုံကြသည်။
ဇွန် ၂၇ နှင့် ၂၈ ရက်တို့တွင် ပြုလုပ်ခဲ့သော အဆိုပါ တွေ့ဆုံမှု၌ ရုရှ နျူကလီးယား ကုမ္ပဏီ Rosatom နှင့် မြန်မာကြား “အပြန်အလှန် ပူးပေါင်းဆောင်ရွက်ရေးအတွက် မူဘောင်များ”ကို ဆွေးနွေးကြခြင်း ဖြစ်သည်။
Rosatom လက်ထောက်ညွှန်ကြားရေးမှူးချုပ် နီကိုလိုင်း စပတ်စကီက မြန်မာ သိပ္ပံနှင့် နည်းပညာ ဒုတိယဝန်ကြီး ဦးအောင်ဇေယျနှင့် တွေ့ဆုံခဲ့သည်။ တွေ့ဆုံမှုနောက်၌ ပူးပေါင်းဆောင်ရွက်မှုအတွက် လိုရင်းဖော်ပြချက် သဘောတူညီချက်မူကြမ်းကို လက်မှတ်ရေးထိုးကြသည်။
နှစ်နိုင်ငံကြားက သဘောတူညီချက်တစ်ရပ်ကို ဖေဖော်ဝါရီလအတွင်းက ပထမဆုံး လက်မှတ်ထိုးထားခြင်း ဖြစ်သည်။ အဆိုပါ သဘောတူညီချက်အရ နှစ်နိုင်ငံအနေဖြင့် အသေးစား နျူကလီးယားစက်ရုံများ တည်ဆောက်ရေးနှင့် atomic စွမ်းအင်ကို ငြိမ်းချမ်းစွာ အသုံးပြုရေးတို့အတွက် လုပ်ဆောင်သွားရန် နှစ်နိုင်ငံက သဘောတူထားသည်။
စပတ်စကီသည် သိပ္ပံနှင့် နည်းပညာဝန်ကြီး ဦးမျိုးသိန်းကျော်နှင့် လျှပ်စစ်စွမ်းအား ဝန်ကြီး ဦးသောင်းဟန်တို့နှင့်လည်း တွေ့ဆုံခဲ့ကြောင်း သိရသည်။ ထို တွေ့ဆုံမှုများသည် မြန်မာနိုင်ငံ၌ “ရုရှဒီဇိုင်းပေါ် အခြေခံပြီး လျှပ်စစ်ယူနစ်များ တည်ဆောက်ရေးနှင့် နျူကလီးယား အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးရေး”တို့ကို ရှေ့ရှုကြောင်း Rosatom က ဖော်ပြသည်။
တွေ့ဆုံမှုအတွင်း “၂၀၂၂ နိုဝင်ဘာလအတွင်းက Rosatom ကုမ္ပဏီက လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနသို့ တင်ပြခဲ့ပြီး နှစ်ဖက်လက်မှတ်ရေးထိုးသော နားလည်မှုစာချွှန်လွှာတစ်ရပ်အရ thermal လျှပ်စစ်စက်ရုံ စီမံကိန်း၏ ဖြစ်နိုင်ခြေ အကြိုသုံးသပ်မှု အစီရင်ခံစာကို ရေးဆွဲခဲ့ကြောင်း” ပြန်ကြားရေးဝန်ကြီးဌာနက သတင်းဖော်ပြသည်။
“ဒါအပြင် နျူကလီးယား အခြေခံအဆောက်အအုံ အကဲဖြတ်ချက်နဲ့ တိုးမြှင့်အကောင်အထည် ဖော်ရေး နားလည်မှုစာချွန်လွှာကိုလည်း သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာနနဲ့ Rosatom တို့ လက်မှတ်ရေးထိုးကြတယ်”ဟု ယင်း သတင်းက ဆိုသည်။
နှစ်နိုင်ငံကြားတွင် လက်ရှိ၌ မြန်မာနိုင်ငံ၏ အကြီးဆုံးမြို့တွင် ကျင်းပနေဆဲ ဖြစ်သည့် ရန်ကုန်သိပ္ပံပွဲတော်အပါအဝင် အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှု တော်တော်များများကို လုပ်ကိုင်ဆောင်ရွက်လျက် ရှိသည်။
ရုရှ၏ ယူကရိန်းအား ကျူးကျော်မှုကြောင့် ဗြိတိန်က ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ရာတွင် Rosatom ကိုလည်း ဒဏ်ခတ်ပိတ်ဆို့မည်ဟု ပြီးခဲ့သည့်လက ကြေညာထားသည်။ အမေရိကန်အစိုးရကလည်း Rosatom ကို ဒဏ်ခတ်ပိတ်ဆို့ထားပြီး ဖြစ်သည်။ ပြင်သစ်ကမူ ယင်းကုမ္ပဏီနှင့် ဆက်လက်၍ ဆက်ဆံခြင်းအတွက် အသေအချာ ကြည့်ရှုစစ်ဆေးလျက် ရှိသည်။
(မိုးသဲ ဘာသာပြန်သည်။)
https://www.power-technology.com/news/russia-myanmar-nuclear-development/