ဒရုန်းများကို ပစ်ချရန် ဗီယက်နမ်နယ်စပ်သို့ ကမ္ဘောဒီးယားက တပ်ဖွဲ့ဝင်များ စေလွှတ်

ဒရုန်းများကို ပစ်ချရန် ဗီယက်နမ်နယ်စပ်သို့ ကမ္ဘောဒီးယားက တပ်ဖွဲ့ဝင်များ စေလွှတ်

ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်သည် ၎င်း၏ နိုင်ငံပိုင်နက်၌ အမည်မသိ ဒရုန်းများကို တွေ့ရှိပြီးနောက်တွင် ဗီယက်နမ်နှင့် နယ်စပ် အရှေ့ပိုင်းသို့ တပ်ဖွဲ့ဝင်များကို စေလွှတ်သည့် အမိန့်ထုတ်ခဲ့သည်။

မကြာသေးသော ရက်များအတွင်း ကမ္ဘောဒီးယားပိုင်နက်၌ ပျံသန်းနေသော ဒရုန်းအချို့ကို တွေ့ရှိခြင်းဖြစ်ပြီး ဒရုန်းတစ်စီးကို ပစ်ချနိုင်လျှင် ယင်းတပ်ရင်းအား အမေရိကန်ဒေါ်လာ ၂၀၀,၀၀၀ ဆုချမည်ဟု ဟွန်ဆန်က ဗုဒ္ဓဟူးနေ့တွင် ပြောသည်။

ကမ္ဘောဒီးယား၏ မွန်ဒူကီရီပြည်နယ်ထဲ အင်္ဂါနေ့ညက ဒရုန်းအချို့ ဝင်ရောက်လာပြီး စစ်သားများက “သဘောကောင်းလွန်းကာ” ပစ်ခတ်ခြင်းများ မရှိခဲ့ဟု ဆိုလျက် အရေးယူတုံ့ပြန်မှု ပျက်ကွက်ခြင်းများကို ဟွန်ဆန်က သတိပေးသည်။

“ဒီနေ့လယ်ကစလို့ ဒီ ဒရုန်းတွေကို မပစ်ချဘူးဆိုရင် ကျွန်တော်နဲ့ ပြဿနာ ဖြစ်မှာပဲ၊ ရှင်းရှင်းလင်းလင်း မှတ်ထားစေချင်တယ်”ဟု ဟွန်ဆန်ကပြောပြီး လက်နက်ခဲယမ်း ပိုမိုသုံးစွဲရန်လည်း တပ်ဖွဲ့ဝင်များကို တိုက်တွန်းသည်။

လာမည့်လ ရွေးကောက်ပွဲမတိုင်ခင် ဖြစ်ပွားလာသော ယခုဖြစ်ရပ်သည် အင်္ဂါနေ့က ပထမဆုံး ဖြစ်ပွားပေါ်ပေါက်ခြင်းဖြစ်သည်။ ယင်းနေ့၌ ဝန်ကြီးချုပ် ဟွန်ဆန်သည် ဝန်ကြီးချုပ် တယ်လီဂရမ်ချန်နယ်မှနေ၍ ကာကွယ်ရေးဝန်ကြီး တီးဘန်းရှ်နှင့် အကြီးတန်းစစ်အရာရှိများထံ အမိန့်ညွှန်ကြားမှု အသံမက်ဆေ့ချ် ပေးပို့ခဲ့ခြင်း ဖြစ်သည်။

ဗီယက်နမ်နှင့် အရှေ့ပိုင်းနယ်စပ်တွင် စစ်သား ၅၀၀ ဖြန့်ကြက်ပြီး ဒရုန်းများကို ပစ်ချရန် ဟွန်ဆန်က ၎င်း၏ ကိုယ်ရံတော်တပ် အကြီးအကဲကို အမိန့်ပေးညွှန်ကြားခဲ့ကြောင်း အဆိုပါ သတင်းစကားတွင် ကြားသိရသည်။

ဒရုန်းများ ဝင်ရောက်ခဲ့ရာ ရာတာနာကီရီနှင့် မွန်ဒူကီရီ ပြည်နယ်နှစ်ရပ်စလုံးသည် ကျေးလက်လယ်ယာမြေစိုက်ရာ ပြည်နယ်များဖြစ်ကာ သစ်တောထူထပ်ပြီး အစိုးရဌာနဆိုင်ရာ အရောက်အပေါက် နည်းသည်။

ဇွန် ၂၇ ရက်က ညကောင်းကင်းယံတွင် ဒရုန်းများ ရစ်ဝဲပျံသန်းနေပုံ မီးအလင်းရောင် ကောင်းကင်၌ မြင်တွေ့ရသည်ကို အစိုးရနှင့် ဆက်စပ်သော Fresh News သတင်းဌာနက ရုပ်သံထုတ်လွှင့်ခဲ့သည်။

ဒီ ဒရုန်းများက ဗီယက်နမ်အစိုးရ၏ ဒရုန်းများဟု မယုံကြည်ကြောင်း ဟွန်ဆန်က ပြောသည်။

“ဗီယက်နမ်ဆီ ကျွန်တော်တို့ မေးတယ်၊ ဗီယက်နမ်ကလည်း မသိဘူး၊ ခုလို ကမ္ဘောဒီးယားဆီ အကြောင်းမကြားဘဲ ဒရုန်းတွေ စေလွှတ်ဖို့မှာလည်း ဗီယက်နမ်အတွက်က ဘာအကျိုးအမြတ်မှ ရှိမနေဘူး”ဟု ၎င်းက ဆိုသည်။

ယင်း ဒရုန်းများသည် ဗီယက်နမ် အလယ်ပိုင်းကုန်းမြင့်၌ ဒေသဆိုင်ရာ အစိုးရ အဆောက်အအုံများကို လက်နက်ကိုင်အုပ်စုငယ်တစ်ရပ်က မကြာသေးခင်က တိုက်ခိုက်ခဲ့မှုနှင့် ဆက်စပ်နိုင်ကြောင်း အသေးစိတ် မဆိုဘဲ ၎င်းက ယူဆပြောဆိုခဲ့သည်။

(မိုးသဲ ဘာသာပြန်သည်။)

https://asia.nikkei.com/Politics/Defense/Cambodia-PM-sends-troops-to-Vie...

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly