ဘိုင်ဒင်၏ ခရီးစဉ်အပြီး ဗီယက်နမ်တွင် စွမ်းအင်ပညာရှင် ဖမ်းဆီးခံရမှုအပေါ် ကုလ စိုးရိမ်ပူပန်

By ရိုက်တာ
27 September 2023
ဘိုင်ဒင်၏ ခရီးစဉ်အပြီး ဗီယက်နမ်တွင် စွမ်းအင်ပညာရှင် ဖမ်းဆီးခံရမှုအပေါ် ကုလ စိုးရိမ်ပူပန်
Photo-AFP

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် ဗီယက်နမ်သို့ သွားရောက်ခဲ့သည့် ခရီးစဉ်အတွင်း စီးပွားရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ သဘောတူညီချက်များ လက်မှတ်ထိုးခဲ့ပြီးနောက် ရက်ပိုင်းအကြာ ဗီယက်နမ်တွင် စွမ်းအင်ပညာရှင်တဦး ဖမ်းဆီးခံရမှု ကိစ္စနှင့်ပတ်သက်ပြီး စိုးရိမ်ပူပန်ကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးရုံးက ထုတ်ဖော်လိုက်သည်။

ပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေးကို ဦးတည်သည့် အစိမ်းရောင်စွမ်းအင်မူဝါဒအပေါ် အာရုံစိုက်သည့် လွတ်လပ်သော think tank (လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေးအကြံပေး) အဖွဲ့ ဖြစ်သည့် Vietnam Initiative for Energy Transition (VIET) ၏ အမှုဆောင်ဒါရိုက်တာ ငိုသီထိုဟီယန်ကို ဟနွိုင်းရဲတပ်ဖွဲ့က စက်တင်ဘာ ၁၅ ရက်တွင်

ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း ပရဟိတအဖွဲ့တခုနှင့် သတင်းရင်းမြစ်တဦးကို ကိုးကားပြီး ရိုက်တာက ပြီးခဲ့သည့် သီတင်းပတ်က ဖော်ပြသည်။

“ဒီ ဖမ်းဆီးခံရမှုကိစ္စကို သိရှိထားသလို အခြေအနေကို စိုးရိမ်တကြီး ဆက်လက် စောင့်ကြည့်နေပါတယ်” ဟု ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး (OHCHR) မှ ပြောရေးဆိုခွင့်ရှိသူ ရာဗီနာ ရှမ်ဒါဆာနီက ရိုက်တာကို ပြောသည်။

ဖမ်းဆီးထိန်းသိမ်းခံရသည့် ဗီယက်နမ် စွမ်းအင်ပညာရှင် ငိုသီထိုဟီယန်သည် ကမ္ဘာ့ဘဏ်၊ ကုလသမဂ္ဂ ဖွံ့ဖြိုးမှု အစီအစဉ် (UNDP) နှင့် အမေရိကန် အေဂျင်စီ (USAID) တို့တွင် လုပ်ကိုင်ခဲ့သူဖြစ်ကြောင်း သူမ၏ LinkedIn ပရိုဖိုင်အရ သိရသည်။

“သူမဟာ UNDP က စီစဉ်တဲ့ စွမ်းအင်ကူးပြောင်းမှု ခေါင်းစဉ်နဲ့ ဆွေးနွေးပွဲတွေ အပါအဝင် နိုင်ငံတကာနဲ့ နိုင်ငံအဆင့် အခမ်းအနားတွေမှာ ပါဝင်ခဲ့သူဖြစ်တယ်” ဟု ဗီယက်နမ်ရှိ UNDP အဖွဲ့က အီးမေးလ်ဖြင့် ရိုက်တာကို အတည်ပြုသည်။

လူ့အခွင့်အရေးကို လေးစားလိုက်နာရန်နှင့် ကာကွယ်စောင့်ရှောက်ရန် ဝါရှင်တန်ဘက်က ဗီယက်နမ်ကို ပုံမှန် တိုက်တွန်းလျက် ရှိကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ အရာရှိတဦးက ပြောသော်လည်း ဘိုင်ဒင်၏ ဟနွိုင်းခရီးစဉ်အပြီး ငိုသီထိုဟီယန် ထိန်းသိမ်းခံရမှုနှင့်ပတ်သက်ပြီး အထူးတလည် မှတ်ချက်ပေးခြင်း မရှိပေ။

ပြီးခဲ့သည့် နှစ်နှစ်အတွင်း ဗီယက်နမ်အာဏာပိုင်တို့သည် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ လူ့အခွင့်အရေး ခုခံကာကွယ်သူ ငါးဦးကို အခွန်တိမ်းရှောင်သည်ဟု စွပ်စွဲပြီး ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း OHCHR ပြောရေးဆိုခွင့်ရှိသူတဦးက ဇွန်လတွင် ပြောသည်။ ဗီယက်နမ်အနေဖြင့် ကျောက်မီးသွေးမှ ဖယ်ခွာပြီး အခြားသော စွမ်းအင် ကူးပြောင်းမှုအတွက် နိုင်ငံတကာ ငွေကြေးထောက်ပံ့မှု ရရှိရေး ညှိနှိုင်းဆွေးနွေးမှုတို့ လုပ်နေခဲ့ချိန်ကာလအတွင်း အထက်ပါ ဖမ်းဆီးမှုများ ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်သည်ဟုလည်း ၎င်းက မှတ်ချက်ပြုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly