ဖမ်းဆီးထားသည့် ဗီယက်နမ်တက်ကြွလှုပ်ရှားသူကို ပြင်ပနှင့် အဆက်အသွယ် ဖြတ်ထား

ဖမ်းဆီးထားသည့် ဗီယက်နမ်တက်ကြွလှုပ်ရှားသူကို ပြင်ပနှင့် အဆက်အသွယ် ဖြတ်ထား
Photo-AFP

ဗီယက်နမ်နိုင်ငံတွင် အခွန်ရှောင်တိမ်းမှုဖြင့် ဖမ်းဆီးခံထားရသည့် နာမည်ကြီး ရာသီဥတုအရေး တက်ကြွလှုပ်ရှားသူကို ပြင်ပနှင့် အဆက်အသွယ် ဖြတ်တောက်ထားပြီး ရှေ့နေလည်း ငှားရမ်းခွင့် မရှိကြောင်း လူ့အခွင့်အရေးအုပ်စုများက အင်္ဂါနေ့တွင် ပြောသည်။

လက်ရှိတွင် မရှိတော့ပြီဖြစ်သော NGO CHANGE အဖွဲ့ကို ထူထောင်သူ ဟိုအန်သီမင်းဟောင်သည် ရာသီဥတုပြောင်းလဲမှုနှင့် တောရိုင်းတိရစ္ဆာန် ကာကွယ်ရေးတို့အတွက် လှုပ်ရှားဆောင်ရွက်သူ အမျိုးသမီးဖြစ်ပြီး ဗီယက်နမ် အာဏာရှင် အစိုးရ၏ အခွန်ရှောင်တိမ်းမှု စွပ်စွဲချက်ဖြင့် နောက်ဆုံး ဖမ်းဆီးခံရသော သဘာဝပတ်ဝန်းကျင် ပညာရှင်တစ်ဦးလည်း ဖြစ်သည်။

ဟောင်အား သူမ၏ လုပ်ကိုင်ဆောင်ရွက်မှုများအတွက် ကျယ်ကျယ်ပြန့်ပြန့် အသိအမှတ်ပြုကြပြီး ၎င်းသည် ၂၀၁၈ ၌ နယူးယောက်ရှိ ကိုလံဘီယာတက္ကသိုလ်မှ အိုဘားမားဖောင်ဒေးရှင်း စီမံကိန်းသို့လည်း ပါဝင်ခဲ့သည်။

Amnesty International၊ Greenpeace UK နှင့် Friends of Earth US တို့အပါအဝင် သဘာဝပတ်ဝန်းကျင်နှင့် လူ့အခွင့်အရေး အဖွဲ့အစည်း ၆၀ ကျော်က ၎င်းအား လွှတ်ပေးရေးအတွက် တောင်းဆိုရန် အမေရိကန်သမ္မတဟောင်း အိုဘားမားထံ တိုက်တွန်းစာအား အင်္ဂါနေ့၌ ပေးပို့ခဲ့သည်။

“ဗီယက်နမ်အစိုးရက သူ့ကို အခွန်ရှောင်တိမ်းမှု၌ တရားစွဲဆိုဖို့ လုပ်နေတယ်”ဟု အဆိုပါ စာတွင် ရေးသားသည်။

“တကယ်လို့ အပြစ်ရှိကြောင်း စီရင်ရင်တော့ သူ့ကို နှိပ်စက်ညှဥ်းပန်းမှုနဲ့ နာမည်ကြီးတဲ့ အကျဉ်းထောင်စနစ်မှာ ထောင်ဒဏ် ခုနစ်နှစ် ချမှတ်ခံရမှာ ဖြစ်တယ်”ဟု ၎င်းတို့က ရေးသားသည်။

ဟောင်သည် ဟိုချီမင်းစီးတီး၌ ဇွန် ၁ ရက်နေ့၌ ဖမ်းဆီးခံရချိန်မှစပြီး မည်သူတစ်ဦးတစ်ယောက်နှင့်မျှ စကားပြောဆိုခွင့်မရကြောင်း ၎င်းတို့က ပြောသည်။

ဟောင်အား ဖမ်းဆီးမှုကို စိုးရိမ်ပူပန်ကြောင်း ကုလသမဂ္ဂ၊ အမေရိကန်နှင့် ဗြိတိန်တို့က ထုတ်ဖော်ပြောဆိုထားသည်။

(မိုးသဲ ဘာသာပြန်သည်။)

https://www.mizzima.com/article/vietnam-holding-climate-activist-incommu...

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly