ဗီယက်နမ်၌ ရဲစခန်းများ တိုက်ခိုက်ခံရမှုကြောင့် လူ သေဆုံး၊ ဒဏ်ရာရမှုများ ရှိ

ဗီယက်နမ်၌ ရဲစခန်းများ တိုက်ခိုက်ခံရမှုကြောင့် လူ သေဆုံး၊ ဒဏ်ရာရမှုများ ရှိ
Photo-AFP

ဗီယက်နမ်နိုင်ငံ အလယ်ကုန်းမြင့်ဒေသ၌ ဇွန်လ ၁၁ ရက်တွင် ရဲစခန်းနှစ်ခု၌ ပစ်ခတ်မှုများ ဖြစ်ပွား၍ လူတချို့ သေဆုံးပြီး ဒဏ်ရာရသူများလည်း ရှိခဲ့ကြောင်း အာဏာပိုင်များက ပြောသည်။

ဒက်လက်ပြည်နယ် ကူကွင်း ခရိုင်တွင် ဖြစ်ပွားသည့် ထိုပစ်ခတ်မှုများနှင့်စပ်လျဉ်းပြီး လူ ခြောက်ဦး ကို ဖမ်းဆီးထားကြောင်း အများပြည်သူ လုံခြုံရေး ဝန်ကြီးဌာန၏ ဝက်ဘ်ဆိုဒ်တွင် ဖော်ပြသည်။

စုံစမ်းစစ်ဆေးရေးအရာရှိများက နောက်ထပ်သံသယရှိသူများကို လိုက်ရှာနေကြောင်း ယင်းက ဖော်ပြသည်။

Ea Tieu နှင့် Ea Ktur အရပ်ဒေသတို့ရှိ ရဲစခန်းများအပေါ် တိုက်ခိုက်မှုများက ဇွန် ၁၁ ရက် မနက်အစောပိုင်းတွင် ဖြစ်ပွားခြင်း ဖြစ်ကြောင်း ဝက်ဘ်ဆိုဒ်အရ သိရသည်။

ရဲများ၊ ဒေသအရာရှိများနှင့် အရပ်သားများအပါအဝင် လူအများအပြား သေဆုံး၊ ဒဏ်ရာရကြောင်း ယင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော်လည်း အတိအကျကို ဖော်ပြခြင်း မရှိပေ။

တိုင်းရင်းသား လူနည်းစု အတော်များများ နေထိုင်ရာ အလယ်ပိုင်း ကုန်းမြင့်ဒေသသည် ဗီယက်နမ်၏ အာဏာရှင်ဆန်သော အစိုးရအတွက် သတိထားရသော ဧရိယာတစ်ခုအဖြစ် ရှုမြင်ခံရပြီး ယင်းသည် ကာလကြာကတည်းက မြေယာအခွင့်အရေးများ အပါအဝင် ကိစ္စရပ်များနှင့်ပတ်သက်ပြီး မကျေလည်မှုများ ရှိရာ နေရာတစ်ခုအဖြစ် ရှိနေခဲ့သည်။

Montagnards ဟု တစ်စုတစ်စည်းတည်း သိကြသည့် ဧရိယာတွင်းရှိ မျိုးနွယ်စုတချို့သည် ဗီယက်နမ်၏ ဆယ်စုနှစ်များကြာ စစ်ပွဲအတွင်း အမေရိကန်ကျောထောက်နောက်ခံပြု တောင်ဘက်ပိုင်းက ပါခဲ့သည်။ တချို့က ကိုယ်ပိုင် အုပ်ချုပ်ခွင့်၊ လုပ်ပိုင်ခွင့်အတွက် တောင်းဆိုလျက် ရှိသလို ပြည်ပရောက် တခြားသူများကလည်း ထိုဒေသအတွက် လွတ်လပ်ရေး ရရေးကို ထောက်ခံပြောဆိုကြသည်။

နိုင်ငံပိုင် မီဒီယာတချို့က ယခုဖြစ်စဉ်နှင့်ပတ်သက်ပြီး တနင်္ဂနွေနေ့ အစောပိုင်းက ၎င်းတို့၏ သတင်းဖော်ပြချက်များကို ပြန်ဖယ်ရှားခဲ့ပြီး ယင်းနောက် နာရီပိုင်းအကြာတွင် ပြန်လည် ဖော်ပြခဲ့သည်။

လက်နက် မှောင်ခိုဈေးကွက်ကို ပိတ်ပင်ကန့်သတ်ထားသလို နိုင်ငံသားများ သေနတ်ပိုင်ဆိုင်ခြင်းကို တရားမဝင်ဟု သတ်မှတ်ထားသည့် ဗီယက်နမ်တွင် သေနတ်ဖြင့် အကြမ်းဖက်မှုက အလွန်တရာပင် ရှားပါးလှသည်။

ပြီးခဲ့သည့် ၂၀၂၀ ၊ ဇန်နဝါရီလက ဟိုချီမင်းစီးတီး အစွန်အဖျားတွင် တရားမဝင် ကြက်တိုက် လောင်းကစားဂိုဏ်းတစ်ခု၌ လူ လေးဦး ပစ်ခတ်ခံရ၍ သေဆုံးခဲ့သည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့သည်။

Several killed, wounded in Vietnam police station attacks

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly