မန္တလေးရွှေဆိုင်များ အရောင်းပိတ်ပြီး အ၀ယ်သာရှိတော့ဟုဆို

By 007 (မဇ္စျိမ)
25 June 2023
မန္တလေးရွှေဆိုင်များ အရောင်းပိတ်ပြီး အ၀ယ်သာရှိတော့ဟုဆို

ဘဏ်နှစ်ခုပိတ်ဆို့ခံရမှုဂယက်ကြောင့် ပြည်တွင်း၌ ရွှေစျေးနှုန်းမတည်မငြိမ်ဖြစ်နေရာမှ မန္တလေး မြို့ရှိရွှေဆိုင်များ အရောင်းပိတ်ထားရသည့်အခြေအနေအထိရောက်ရှိသွားကြောင်း သိရသည်။

“ဘဏ်နှစ်ခုပိတ်ဆို့ခံရတဲ့ ကြေညာချက်ထွက်တဲ့နေ့ကနေ ဒီကနေ့အထိဆိုရင် မန္တလေးကရွှေဆိုင်တွေ အရောင်းပိတ်ထားတာ လေးရက်ရှိပြီ။ အရောင်းစျေးမဖွင့်ရဲတာမျိုး မဟုတ်ဘူးနော်။ လုံး၀ကိုမရောင်း တော့တာ။ ဆိုင်တော့ဖွင့်ထားပြီး ပြန်၀ယ်တယ်၊ မရောင်းဘူး။ အဲဒီလိုလုပ်လာတာ ဒီနေ့နဲ့ဆိုရင် လေးရက် ရှိပြီ” ဟု ရွှေစျေးကွက်စောင့်ကြည့်လေ့လာသူတဦးက ပြောသည်။

အမေရိကန်အစိုးရက စစ်ကောင်စီ၏ အဓိကကျသောဘဏ်နှစ်ခုကို ဒဏ်ခတ်ပိတ်ဆို့ အရေးယူမည့် သတင်းထွက်ပေါ်လာချိန်မှစ၍ ပြည်တွင်းရွှေစျေးနှုန်း ကမောက်ကမဖြစ်ခဲ့သည်။

ဒဏ်ခတ်ပိတ်ဆို့အရေးယူကြောင်း ကြေညာချက်ထုတ်ပြန်လိုက်သည်တွင် စျေးနှုန်းမတည်မငြိမ်ဖြစ်သွား ပြီး အကျိုးဆက်အားဖြင့် မန္တလေးမြို့ရှိရွှေဆိုင်များ အရောင်းပိတ်ထားရသည်အထိ ဖြစ်ခဲ့ခြင်းဖြစ်သည်။

“ရောင်းစရာရွှေမရှိဘူးလို့ ပြောတယ်၊ အ၀ယ်အတွက်တော့ ပြန်ရောင်းချင်သလောက် ချက်ချင်းငွေချေပေး တယ်။ ဒါပေမယ့် သူတို့သတ်မှတ်တဲ့စျေးနှုန်းအတိုင်းပဲ ပြန်၀ယ်ပေးတာ၊ အခေါက်ရွှေကို ၂၉ သိန်းခွဲနဲ့ပြန် ၀ယ်တယ်၊ သူတို့ဘက်ကကျတော့ ရောင်းစျေးတောင် မဖွင့်ရဲကြဘူး” ဟု ယနေ့ ဇွန် ၂၅ ရက် နံနက်ပိုင်းက ရွှေအ၀ယ်ထွက်ခဲ့သည့် မြို့ခံတဦးမှပြောသည်။

ရွှေဆိုင်များ အရောင်းပိတ်ထားခြင်းနှင့်ပတ်သက်၍ ရွှေလုပ်ငန်းရှင်အချို့ထံ ဆက်သွယ်မေးမြန်းကြည့်ရာ မှတ်ချက်မပေးလိုကြောင်း ပြန်ဖြေကြသည်။
မန္တလေးတိုင်းရွှေလုပ်ငန်းရှင်များအသင်း(MGEA)မူ ဇွန်လ ၁၆ ရက်နေ့မှစပြီး အခေါက်ရွှေတကျပ်သား လျှင် ကျပ် ၃,၀၅၀,၀၀၀ ၀န်းကျင်စျေးဖြင့် ရောင်းချပေးနေပြီး စနေ၊ တနင်္ဂနွေ နှစ်ရက်အရောင်းပိတ်ထား ကြောင်း သိရသည်။

နိုင်ငံခြားငွေ၀င်ရောက်မှုကိုကန့်သတ်ရန်ရည်ရွယ်ပြီး စစ်ကောင်စီလက်အောက်ခံ မြန်မာ့နိုင်ငံခြားကုန် သွယ်မှုဘဏ်(MFTB)နှင့် မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့်ကူးသန်းရောင်း၀ယ်ရေးဘဏ် (MICB) တို့ကို ဒဏ်ခတ် ပိတ်ဆို့အရေးယူလိုက်ကြောင်း အမေရိကန်အစိုးရက ဇွန်လ ၂၁ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။
ထိုကြေညာချက်ကြောင့်၊ ပြည်တွင်း၌ အမေရိကန်ဒေါ်လာအပါအ၀င် နိုင်ငံခြားငွေလဲလှယ်နှုန်း မြင့်တက် သွားပြီး ရွှေစျေးလည်း မတည်မငြိမ်ဖြစ်ကာ နိုင်ငံခြားငွေလဲလှယ်သည့်၀န်ဆောင်မှုလုပ်ငန်းများလည်း ရပ် ဆိုင်းသွားကြောင်း သိရသည်။

စာတည်း။  ။စောဖေ
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly