နိုင်ငံတကာ ဒဏ်ခတ်ပိတ်ဆို့မှုတွေကြားမှာ ချောင်ပိတ်မိလာတဲ့ စစ်ကောင်စီ

By ဓားရိုင်း
07 September 2023
နိုင်ငံတကာ ဒဏ်ခတ်ပိတ်ဆို့မှုတွေကြားမှာ ချောင်ပိတ်မိလာတဲ့ စစ်ကောင်စီ

ဒီလပိုင်းအတွင်း အမေရိကန်အသစ်ချမှတ်လိုက်တဲ့ စီးပွားရေးဒဏ်ခတ်ပိတ်ဆို့မှုဟာ အာဏာသိမ်း စစ်ကောင်စီကို အတော်လေးအကျပ်ရိုက်သွားစေခဲ့တာတွေ့ရပါတယ်။ စစ်ကောင်စီရဲ့အဓိကဘဏ်ကြီးနှစ်ခုဖြစ်တဲ့ မြန်မာ့နိုင်ငံခြား ကုန်သွယ်မှုဘဏ်နဲ့ မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ်တို့ကို အမေရိကန်က စီးပွားရေးပိတ်ဆို့ လိုက်ပြီးနောက် စင်ကာပူက အဓိကဘဏ်တစ်ခုဖြစ်တဲ့ United Overseas Bank (UOB) ဘဏ်နဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံပိုင် Sonali ဘဏ်တို့ကလည်း စစ်ကောင်စီဘဏ်နှစ်ခုနဲ့ ဆက်ဆံမှုအားလုံးကို ရပ်ဆိုင်းလိုက်တာကြောင့် အတော်လေး ဂယက်ထသွားခဲ့တာဖြစ်ပါတယ်။ 

ရက်ပိုင်းအတွင်းမှာ ငွေကြေးဖောင်းပွမှုနှုန်း မြင့်တက်သွားသလို ကျပ်ငွေတန်ဖိုးကလည်း ထပ်ပြီးဇောက်ထိုးဆင်းသွားခဲ့တာပါ။ အခုဆိုရင် အမေရိကန်တဒေါ်လာကို ၃,၈၀၀ကျော် အထိဖြစ်နေပြီး ထိုင်းဘတ်ဆိုရင်လည်း မြန်မာငွေ ကျပ် ၁၀၀ ကျော်သွားခဲ့ပြီဖြစ်ပါတယ်။ စစ်ကောင်စီကတော့ လက်ရှိအချိန်ထိ နိုင်ငံတကာပိတ်ဆို့မှုတွေကြောင့် တိုင်းပြည်အခက်တွေ့နေရတာကို ဝန်မခံချင်သေးပါဘူး။ 

သတင်းစာရှင်းလင်းပွဲထလုပ်ပြီး လတ်တလော ငွေကြေးဖောင်းဖွမှုနှုန်း အထိုက်အလျှောက်မြင့်တက်နေတာဟာ သွင်းကုန်တန်ဖိုးမြင့်တက်လာတာနဲ့ ကုန်သွယ်မှုလိုငွေ မြင့်မားလားတာကြောင့်ဆိုပြီး စစ်ကောင်စီ ဗဟိုဘဏ် ဒုဥက္ကဋ္ဌ(၂) ဒေါက်တာ လင်းအောင်ကို စစ်ခေါင်းဆောင်က ထွက်ရှင်းခိုင်းခဲ့တာတွေ့ရပါတယ်။ ဒါ့အပြင် စစ်ကောင်စီ ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေကလည်း ဘင်္ဂလားဒေ့ရှ်ဘဏ်မှာပိတ်မိနေတဲ့ ဒေါ်လာ တသန်းကျော်အတွက်  ထိပ်တိုက်ဖြေရှင်းသွားမယ်ဆိုပြီး ဒေါသတကြီး တုံ့ပြန်ခဲ့တာဖြစ်ပါတယ်။ စစ်ကောင်စီရဲ့ ကုန်စည်စီးဆင်းမှု ဗဟို ကော်မတီ တွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ် ရန်နိုင်စိုးကလည်း ရွှေဈေးနဲ့ ဒေါ်လာဈေး ကျဆင်းရေးအတွက် အထူး စုံစမ်းစစ်ဆေးရေးဦးစီးဌာန (စသုံးလုံး) အရာရှိတွေနဲ့ အထူးအဖွဲ့ ဖွဲ့စည်းသွားမယ်ဆိုပြီး ပြောခဲ့တာဖြစ်ပါတယ်။

ဒီလိုအခြေအနေမှာ ကုလလုံခြုံရေးကောင်စီနဲ့ အမေရိကန်ရဲ့ ချိန်သားကိုက်နောက်ထပ်လှုပ်ရှားကာ အရူးမီးဝိုင်း ဖြစ်နေတဲ့ စစ်ကောင်စီကို တပူပေါ်နှစ်ပူဆင့်ဆိုသလို ဖြစ်စေခဲ့ပြန်တာတွေ့ရပါတယ်။ ကုလလုံခြုံရေးကောင်စီ အစည်းအဝေးမှာတရုတ်နဲ့ရုရှားကလွဲပြီး အဖွဲ့ဝင်နိုင်ငံအားလုံးက အရပ်သားတွေအပေါ် စစ်ကောင်စီရဲ့လေကြောင်း တိုက်ခိုက်မှုတွေနဲ့ပတ်သက်ပြီး ပြင်းထန်စွာရှုတ်ချသွားခဲ့သလို အမေရိကလည်း မြန်မာပြည်အတွက် လေယာဉ်ဆီ တင်သွင်းမှုတွေကို ကန့်သတ်ပိတ်ပင်လိုက်တာတွေ့ရပါတယ်။ ပြီးခဲ့တဲ့ဩဂုတ် ၂၃ ရက်မှာ ကုလလုံခြုံရေးကောင်စီ က မြန်မာ့အရေးနဲ့ပတ်သက်လို့ တံခါးပိတ်အစည်းအဝေးတရပ်ကျင်းပခဲ့ပြီး မြန်မာနိုင်ငံမှာဆက်လက်ဖြစ်ပေါ်နေ တဲ့ စစ်ကောင်စီရဲ့အကြမ်းဖက်မှုတွေနဲ့ အရပ်သားတွေအပေါ် လေကြောင်းတိုက်ခိုက်မှုတွေကို ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်း ပူးတွဲကြေညာချက်ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ ဒီကြေညာချက်ကို တရုတ်နဲ့ ရုရှားကလွဲပြီး ကျန် အဖွဲ့ဝင်နိုင်ငံတွေဖြစ်တဲ့ အမေရိကန်၊ ဗြိတိန်၊ အယ်လ်ဘေးနီးယား၊ ဘရာဇီး၊ အီကွေဒေါ၊ ပြင်သစ်၊ ဂါဘွန်၊ ဂါနာ၊ ဂျပန်၊ မော်လ်တာ၊ မိုဇမ်ဘစ်၊ ဆွစ်ဇာလန်၊ အာရပ်စော်ဘွားများပြည်ထောင်စုတို့က ပူးတွဲကြေညာချက် ထုတ်ပြန် ခဲ့တာဖြစ်ပြီး မြန်မာနိုင်ငံအတွင်း နိုင်ငံတကာဥပဒေတွေကို လေးစားလိုက်နာဖို့နဲ့ အရပ်သားတွေကို အကာအကွယ် ပေးဖို့လိုအပ်ကြောင်းလည်းပါဝင်ခဲ့တာပါ။ အဲဒီအစည်းအဝေးမှာ ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) အကြီးအကဲ Mr. Martin Griffiths ရဲ့ မြန်မာနိုင်ငံခရီးစဉ်နဲ့ပတ်သက်တဲ့တင်ပြ ချက်တွေကိုကြားနာခဲ့ပြီး လက်ရှိ မြန်မာနိုင်ငံမှာ လူသားချင်းစာနာမှုအကူအညီလိုအပ်နေတဲ့ လူပေါင်း ၁၈ သန်း ကျော်အနက် နှစ်သန်းကျော်ဟာ အိုးမဲ့အိမ်မဲ့ဖြစ်နေပြီး ၁၅ သန်းကျော်မှာ စားနပ်ရိက္ခာ မလုံခြုံမှုနဲ့ ကြုံတွေ့နေရ တယ်လို့ ဆိုခဲ့ကြပါတယ်။

ဒါ့အပြင် ကုလလုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်အမှတ် ၂၆၆၉ နဲ့ အာဆီယံဘုံသဘောတူညီချက် ငါးချက်ကို လျင်မြန်စွာအကောင်အထည်ဖော်ဖို့လိုအပ်ကြောင်းလည်း တိုက်တွန်းထားတာ တွေ့ရပါတယ်။ အဲဒါအပြင် ရခိုင် ပြည်နယ်အကျပ်အတည်း မူလဇာစ်မြစ်ကိုဖြေရှင်းရေး၊ လူနည်းစုအခွင့်အရေးတွေကို အပြည့်အဝအကာအကွယ်ပေး ရေးနဲ့ ရိုဟင်ဂျာတွေရဲ့ဆန္ဒအရ ဘေးကင်းပြီး ဂုဏ်သိက္ခာရှိစွာနေရပ်ပြန်နိုင်ဖို့ သံတမန်ရေးရာကြိုးပမ်းအားထုတ်မှု တွေကို ထောက်ခံကြောင်းနဲ့ မြန်မာနိုင်ငံအနေနဲ့ အခြေခံအကြောင်းအရာတွေကို ကိုင်တွယ်ဖြေရှင်းကာ ရိုဟင်ဂျာ အခွင့်အရေးတွေ ပြန်လည်ပေးအပ်ဖို့တိုက်တွန်းကြောင်းလည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားခဲ့တာပါ။ အခုတကြိမ် ပူးတွဲကြေညာချက်ထဲမှာ မြန်မာ့အရေးနဲ့ပတ်သက်ပြီး ၂၀၂၂ ဒီဇင်ဘာလကဆုံးဖြတ်ချက်ချမှတ်ထားခဲ့တဲ့ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်အမှတ် ၂၆၆၉ ကိုအပြည့်အဝအကောင်အထည်ဖော်ဖို့ ထပ်မံတောင်းဆိုထား သလို မြန်မာပြည်သူတွေကို ထောက်ခံအားပေးကြောင်းလည်း ထပ်လောင်းအတည်ပြုထားခဲ့တာဖြစ်ပါတယ်။ 

မြန်မာ့အရေးအတွက် ကုလလုံခြုံရေးကောင်စီကချမှတ်ထားတဲ့ ဆုံးဖြတ်ချက်အမှတ် ၂၆၆၉ ထဲမှာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်တို့ အပါအဝင် မတရားဖမ်းဆီးခံထားရသူတွေကို အမြန်ဆုံးပြန်လွှတ်ပေးဖို့၊ လူ့အခွင့်အရေး အပြည့်အဝ လေးစားလိုက်နာဖို့နဲ့ တရားဥပဒေစိုးမိုးရေး မြှင့်တင်ဖို့၊ ပြည်သူတွေရဲ့ ဒီမိုကရေစီလိုလားတဲ့ဆန္ဒကို လေးစားဖို့နဲ့ လူသားချင်းစာနာမှုအကူအညီတွေကို အကန့်အသတ် မရှိခွင့်ပြုပေးဖို့တို့ ပါဝင်တာဖြစ်ပါတယ်။ ကုလလုံခြုံရေးကောင်စီအလှည့်ကျဥက္ကဋ္ဌဖြစ်တဲ့ ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး လင်ဒါသောမတ်စ် ဂရင်းဖီးကလည်း မြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့ ဆိုးရွာတဲ့လူ့အခွင့် အရေးအခြေအနေဟာ ကုလလုံခြုံရေးကောင်စီရဲ့အာရုံစိုက်မှုကို အပြည့်အဝရသင့်တယ်ဆိုပြီး ပြောသွားခဲ့တာ ဖြစ်ပါတယ်။ 

ဒါ့အပြင် မြန်မာစစ်တပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဆက်လက်ဖြစ်ပွားနေတာနဲ့ ထိတ်လန့်ဖွယ် ရက်စက်မှု တွေကိုရပ်တန့်ရမှာဖြစ်ပြီး လုံခြုံရေးကောင်စီအနေနဲ့ ဆုံးဖြတ်ချက်အမှတ် ၂၆၆၉ ကိုအပြည့်အဝအကောင်အထည် ဖော်ဖို့ကိုလည်းတောင်းဆိုခဲ့တဲ့အပြင် အခုထက်ပိုပြီးအားထုတ်ဖို့ကိုလည်း တိုက်တွန်းထားခဲ့တာပါ။ အစည်းအဝေး အပြီးမှာ ကုလသမဂ္ဂဆိုင်ရာမြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းကလည်း မြန်မာစစ်တပ်ကို လက်နက်၊လေယာဉ် ဆီနဲ့ ငွေကြေးစီးဆင်းမှုမရှိစေရေး ဖြတ်တောက်ပေးဖို့အတွက် လုံခြုံရေးကောင်စီကို ထပ်မံတိုက်တွန်းတောင်းဆို ခဲ့တာတွေ့ရပါတယ်။ 

တိုက်တိုက်ဆိုင်ဆိုင်ပဲ ကုလလုံခြုံရေးကောင်စီက တံခါးပိတ်အစည်းအဝေးကျင်းပတဲ့နေ့မှာပဲ မြန်မာနိုင်ငံရဲ့စီးပွားရေးကဏ္ဍမှာ လေယာဉ်ဆီလုပ်ငန်းလုပ်ကိုင်ဖို့ဆုံးဖြတ်ထားတဲ့ နိုင်ငံခြားသားတဦးချင်း ဒါမှမ ဟုတ် ဘယ်အဖွဲ့အစည်းကိုမဆို အရေးယူပိတ်ဆို့မှုတွေချမှတ်သွားမယ်ဆိုပြီး အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာန ကကြေညာချက်ထုတ်ပြန်ခဲ့တာ တွေ့ရပါတယ်။ အရင်က စစ်ဘက်သုံး လေယာဉ်ဆီတင်သွင်းမှုတွေကိုသာ ကန့် သတ်ပိတ်ဆို့ထားတာကနေ အခုအခါ လေယာဉ်ဆီလုပ်ငန်းကဏ္ဍအတွင်း လုပ်ကိုင်သူအားလုံးကို အရေးယူပိတ်ဆို့ သွားမှာဖြစ်သလို မြန်မာစစ်တပ်အတွက် လေယာဉ်ဆီတင်သွင်းဖြန့်ချိပေးရာမှာ တာဝန်ရှိတဲ့ကုမ္ပဏီတချို့နဲ့တာဝန် ရှိသူတွေကိုလည်း အမေရိကန်က အရေးယူပိတ်ဆို့မှုအသစ်တွေ ထပ်မံချမှတ်ခဲ့တာဖြစ်ပါတယ်။ 

စစ်ကောင်စီ အတွက် လေယာဉ်ဆီ တင်သွင်းဖြန့်ဖြူးပေးနေတဲ့ Shoon Energy ကုမ္ပဏီနဲ့ ကုမ္ပဏီပိုင်ရှင် ဒေါ်ခင်ဖြူဝင်း အပြင် အရင်ကပိတ်ဆို့အရေးယူမှု ချမှတ်ထားပြီးသားဖြစ်တဲ့ Asia Sun ကုမ္ပဏီအုပ်စုထဲက ကုမ္ပဏီ ၁၁ ခုရဲ့ ပိုင်ရှင် ဦဇော်မင်းထွန်းကိုလည်း အခုအရေးယူပိတ်ဆို့မှုစာရင်းထဲ ထည့်သွင်းခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် ဒေါ်ခင်ဖြူဝင်းရဲ့ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ပြီးဖြစ်စေ ပိုင်ဆိုင်တဲ့ P.E.I Energy နဲ့ PEIA ကုမ္ပဏီတို့ကိုလည်း ပိတ်ဆို့မှုစာရင်းထဲ ထည့်သွင်းခဲ့တာဖြစ်ပါတယ်။ 

အခုလို စစ်ကောင်စီအတွက် နိုင်ငံခြားသုံးငွေ အဓိကဘဏ်ကြီးနှစ်ခုနဲ့ လေယာဉ်ဆီ တင်သွင်းပေးသူတွေကို ပစ်မှတ်ထားအရေးယူလာတဲ့ အမေရိကန်ရဲ့လုပ်ဆောင်ချက်ဟာ စစ်ကောင်စီခေါင်းကို မိုးကြိုးပစ်ခံရတာနဲ့ အတူတူပါပဲ။ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း အာဏာသိမ်း စစ်ကောင်စီနဲ့ ပတ်သက် ဆက်နွှယ်သူတွေအပါအဝင် လူပုဂ္ဂိုလ်တွေနဲ့ သူတို့ပိုင် စီးပွားရေးလုပ်ငန်းတွေကို အမေရိကန်၊ ဗြိတိန်၊ ကနေဒါ၊ ဩစတြေးလျ၊ ဆွစ်ဇာလန်နဲ့ ဥရောပသမဂ္ဂ(အီးယူ)တို့က အရေးယူပိတ်ဆို့မှုတွေ အကြိမ်ကြိမ်ပြုလုပ်နေခဲ့တာ ဖြစ်ပါတယ်။ ဒီအကျိုးဆက်တွေဟာ အချိန်ကြာလာတာနဲ့အမျှ အာဏာသိမ်း စစ်ကောင်စီအပေါ်ကို ကြီးမားစွာ ရိုက်ခတ်လာခဲ့ပြီဖြစ်ပါတယ်။ 

နိုင်ငံတကာအရေးယူပိတ်ဆို့မှုတွေကို ဂရုမစိုက်သလိုလုပ်ပြနေပေမယ့် ငွေကြေး ဖောင်းပွမှုနဲ့ ကုန်သွယ်မှုလိုငွေ တဖြည်းဖြည်းမြင့်တက်လာနေတဲ့ စစ်ကောင်စီအတွက်တော့ စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး အဘက်ဘက်မှာ ချောင်ပိတ်မိလာပြီလို့ ထင်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly