မန္တလေးတွင် ရာအိမ်မှူးသားအဖ သေနတ်ပစ်ခံရပြီး ရာအိမ်မှူးသေဆုံး သားဖြစ်သူ ဗိုက်ပေါက်ထွက်

By 007 (မဇ္စျိမ)
24 June 2023
မန္တလေးတွင် ရာအိမ်မှူးသားအဖ သေနတ်ပစ်ခံရပြီး ရာအိမ်မှူးသေဆုံး သားဖြစ်သူ ဗိုက်ပေါက်ထွက်
Photo CJ

။    ။မန္တလေးတိုင်း၊ ချမ်းမြသာစည်မြို့နယ်တွင် ယမန်နေ့ညက ရာအိမ်မှူးသားအဖ နေအိမ်ရှေ့၌ သေနတ်ဖြင့်ပစ်ခတ်ခံရပြီး၊ ရာအိမ်မှူးသေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

"သားအဖနှစ်ယောက် အပြင်ကနေပြန်လာတာကို အိမ်ရှေ့ကနေစောင့်ပစ်သွားတယ်၊ ရာအိမ်မှူးက ညက ၁၀ နာရီလောက်က သေတယ်လို့သိရတယ်၊ သူ့သားကတော့ ဆေးရုံမှာအသက်ရှိသေးတယ်လို့ပြောတာပဲ" ဟု အခင်းဖြစ်စဉ်သိရှိသူ တစ်ဦးက ပြောသည်။

မန္တလေး ချမ်းမြသာစည်မြို့နယ် ကျွန်းလုံးဥသျှောင်ရပ်ကွက် အကွက်(၅၀၀)၊ ၁၀၅(A)လမ်း၊ ၈၄ လမ်းနှင့် ၈၅ လမ်းကြားနေ ရာအိမ်မှူးဦးမြတ်ထူး(အသက် ၅၆ နှစ်)နှင့် သားဖြစ်သူရဲမြင့်မိုရ်ထူး(အသက် ၂၁ နှစ်)တို့၊ ယမန်နေ့ဇွန် ၂၃ ရက်နေ့ ည ၉ နာရီခန့်က၊ သေနတ် ဖြင့်ပစ်ခတ်ခံရခြင်းဖြစ်သည်။

သားအဖနှစ်ဦး၊ အပြင်မှနေအိမ်သို့ပြန်လာစဉ်၊ နေအိမ်ရှေ့အရောက် ဆိုင်ကယ်တစ်စီးဖြင့်လိုက်လာသည့် သေနတ်သမားနှစ်ဦးက အနီးကပ် ပစ်ခတ်သွားခြင်းဖြစ်ကြောင်း၊ ပစ်ခတ်ခံရမှုကြောင့် ရာအိမ်မှူးတွင် ဦးခေါင်းကျည်ဆန်ထိမှန်ဒဏ်ရာ နှစ်ချက်၊ သားဖြစ်သူတွင် ၀မ်းဗိုက်ပေါက်ထွက်ဒဏ်ရာ တစ်ချက်တို့ အသီးသီးရရှိခဲ့ကြောင်း၊ မန္တလေးဆေးရုံကြီးသို့ပို့ဆောင်ကုသမှုပေးထားစဉ် ည ၉ နာရီ ၄၅ မိနစ်ခန့်တွင် ရာအိမ်မှူးသေဆုံးသွားကြောင်း ရဲတပ်ဖွဲ့နှင့်နီးစပ်သည့်အသိုက်အ၀န်းမှ သိရသည်။

"သေနတ်နဲ့သုံးချက်ပစ်ခံရတယ်၊ ရာအိမ်မှူးကို နှစ်ချက်ထိတယ်၊ သူ့သားကိုတစ်ချက်ထိတယ်၊ ရာအိမ်မှူးက နှစ်ချက်စလုံးခေါင်းချည်းထိတာ၊ ဆေးရုံရောက်လိုက်သေးတယ် ဆေးရုံရောက်ပြီးမှသေတာ" ဟု နီးစပ်သူတစ်ဦးကပြောသည်။

၎င်းတို့နှစ်ဦးအား၊ မည်သည့်အဖွဲ့အစည်းက လုပ်ဆောင်သွားခြင်းဖြစ်ကြောင်း မသိရသေးပေ။

မန္တလေးမြို့တွင် ဇွန်လ ၁၀ ရက်နေ့ကလည်း၊ မြစ်သားမြို့နယ် ကျောက်ဆောက်ကျေးရွာမှ ရာအိမ်မှူးဦးလှ၀င်းဆိုသူ နေအိမ်ခြံ၀င်းအတွင်း သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရသည့်ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့သေးသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly