ဖားကန့်တွင် မိုးများ၍ ဥရုချောင်း ရေလျှံ ၊ ချောင်းရေ ၂ ပေအထိ မြင့်တက် 

By အဂမ် (မဇ္ဈိမ)
22 June 2023
ဖားကန့်တွင် မိုးများ၍ ဥရုချောင်း ရေလျှံ ၊ ချောင်းရေ ၂ ပေအထိ မြင့်တက် 

ဖားကန့်မြို့နယ် ကံဆီးဒေသတွင်  မိုးရက်ဆက်ရွာသွန်းနေ၍  ဥရုချောင်းရေမြင့်တက်လာပြီး   ယနေ့  ဇွန်လ ၂၂ ရက် ညနေပိုင်းတွင် လုံးခင်းကျေးရွာ၌ ချောင်းရေ နှစ်ပေအထိ မြင့်တက်လာကြောင်း ဒေသခံများထံက သိရသည်။ 

ဖားကန့်ကျောက်စိမ်းမှော်ဒေသအား ဖြတ်သန်းစီးဆင်းနေသည့် ဥရုချောင်းရေမြင့်တက်လာမှုကြောင့် လုံးခင်းကျေးရွာအတွင်းရှိ လမ်းမများတွင်လည်း ရေကြီး ရေလျှံမှုများ စတင်ဖြစ်ပေါ်နေသည်။ 

"အထက်ကံဆီးဘက်မှာ မိုးများလို့ ဥရုချောင်းရေကြီးရင် လုံးခင်းက ရေမြုပ်တော့တာဘဲ။ အခုလည်း ရေကတက်နေတုန်းပဲ " ဟု သတင်းရင်းမြစ်က  ယနေ့ ညနေပိုင်းတွင် ပြောသည်။

လက်ရှိတွင် လုံးခင်းကျေးရွာ ရပ်ကွက်(၄) အတွင်းရှိ နေအိမ်တချို့တွင် ရေများ စတင် ဝင်ရောက်နေပြီဖြစ်ကြောင်း  မဇ္ဈိမက ကနဦးစုံစမ်းသိရှိရသည်။

သတင်းရေးသားနေသည့် ည ၇ နာရီအချိန်အထိ  ကံဆီး၊ ဖားကန့်၊ လုံးခင်း ဒေသတွင် မိုးရွာသွန်းနေဆဲဖြစ်ပြီး ရေဆက်လက်တိုးလာနိုင်ဖွယ်ရှိကြောင်း ဒေသခံများက ဆိုသည်။

ကံစီးဒေသမှ မြစ်ဖျားခံသည့် ဥရုချောင်းသည် ချင်းတွင်းမြစ်၏အဓိက မြစ်လက်တက်တစ်ခုဖြစ်ကာ ဖားကန့်မြို့နယ် လုံးခင်း၊ ဖားကန့်ရတနာမြေတွင်  မိုင်ပေါင်း ၅၄ မိုင် ဖြတ်သန်းစီးဆင်းနေခြင်းဖြစ်သည်။

ဖားကန့်တွင် ကျောက်စိမ်းတူးဖော်ခြင်း၊ ရွှေမျောတိုက်ခြင်း၊ စွန့်ပစ်အမှိုက်များအား ဥရုချောင်းအတွင်း စွန့်ပစ်ခြင်း နှင့် ချောင်းရှင်းလင်းမှုများ စနစ်တကျလုပ်ဆောင်မှု အားနည်းခြင်းတို့ကြောင့် နှစ်စဥ်ရေကြီး၊ ရေလျှံမှုဒဏ်ကို  ဒေသခံများ ခံစားနေရပြီး မိုးရာသီကာလများတွင် ကယ်ဆယ်ရေးလုပ်ငန်းများ နှစ်စဥ်ပြုလုပ်နေရကြောင်း ဒေသန္တရမှတ်တမ်းများအရ သိရသည်။

ဓာတ်ပုံ - ဥရုချောင်း ရေလျှံနေသည့် လူနေလမ်းမအခြေအနေများ (ပေးပို့)

စာတည်း။ ။အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly