မြစ်ကြီးနားမြို့က တည်းခိုခန်းမှာ ကေအိုင်အေ အရာရှိ ၂ ဦး အဖမ်းခံရ

By အဂမ် (မဇ္ဈိမ)
07 June 2023
မြစ်ကြီးနားမြို့က တည်းခိုခန်းမှာ ကေအိုင်အေ အရာရှိ ၂ ဦး အဖမ်းခံရ

မြစ်ကြီးနားမြို့က တည်းခိုခန်းတစ်ခုတွင် ကချင်လွတ်မြောက်ရေးတပ်မတော်( KIA )အရာရှိ နှစ်ဦး ဖမ်းဆီးခံလိုက်ရတယ်လို့ မြို့ခံသတင်းရင်းမြစ်များက ဆိုသည်။

မြစ်ကြီးနားမြို့၊  မန်ခိန်ရပ်ကွက်က ကချင်ပြည်နယ်လွတ်တော်ရုံးနဲ့ ပေ ၁၀၀ ကျော်သာဝေးသည့် ရွှေလိပ်ပြာတည်းခိုခန်းတွင် ကေအိုင်အေတပ်အရာရှိနှစ်ဦး ဖမ်းဆီးခံလိုက်ရခြင်း ဖြစ်သည်။

မြစ်ကြီးနားခရိုင်ရဲတပ်ဖွဲ့ရုံးက ဦးဆောင်သည့် တပ်နဲ့ ရဲ လှည့်ကင်းအဖွဲ့က ဇွန်လ ၅ ရက်နေ့ ညသန်းခေါင်ယံ အချိန်လောက်တွင်  တည်းခိုခန်းသို့လာရောက်ကာ ဧည့်စာရင်းစစ်ရာမှ ကေအိုင်အေအရာရှိ နှစ်ဦး၏ လက်ကိုင်ဖုန်းပါ အချက်အလက်ကြောင့် ဖမ်းဆီးသွားခြင်းဖြစ်သည်ဟု အမည်မဖော်လိုသည့် သတင်းရင်းမြစ်က အခုလိုဆိုသည်။

“ ဟုတ်ပါတယ်။ ဧည့်စာရင်းစစ်တဲ့အချိန်မှာ ဖုန်းကိုစစ်တဲ့အချိန် ဖမ်းမိသွားတာပါ။ ရဲနဲ့ စစ်သားတွေပေါင်းထားတဲ့ ပတ်ကင်းအဖွဲ့က ဖမ်းခေါ်သွားတယ်။ ” ဟု သတင်းရင်းမြစ်က ဆိုသည်။

ဖမ်းဆီးခံရသူ နှစ်ဦးမှာ ကေအိုင်အို အုပ်ချုပ်ရေးရုံးမှ အရာရှိနှစ်ဦးဖြစ်ပြီး၊ ကေအိုင်အေ တပ်ရင်း (၁၁) မှ အုပ်ချုပ်ရေးအရာခံဗိုလ် အဒေါင် နှင့် မြစ်ကြီးနားတိုက်နယ် မလိဇုံနယ်ခွဲ (Mali Ginwang daw)မှ အရာခံဗိုလ် အင်ခွမ်လ တို့ ဖြစ်ကြောင်း ကေအိုင်အေတပ်နဲ့ နီးစပ်သည့် သတင်းရင်းမြစ်များက အတည်ပြုသော်လည်း မဇ္ဈိမ၏ မြေပြင်သတင်းအဖွဲ့က သီးခြားအတည်မပြုနိုင်သေးပေ။

ပြီးခဲ့သည့် မေလ ၆ ရက်နေ့ကလည်း တပ်ကုန်းရပ်ကွက်ရှိ  Happy KTV တွင် KIA တပ်ဖွဲ့ဝင်တစ်ဦးအပါအဝင် အမျိုးသားငါးဦး ဖမ်းဆီးခံရသေးသည်။

မြစ်ကြီးနားမြို့နယ်နှင့် ဖားကန့်မြို့နယ်တို့မှ (KIO/ KIA) အရာရှိများသည် KTVနှင့် တည်းခိုခန်း၊ ဟိုတယ်ခန်းတို့၌ မကြာခဏ ဖမ်းဆီးခံရလေ့ရှိနေသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly