ဖားကန့်တွင် စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်၍ ဒေသခံ အမျိုးသမီး ဒဏ်ရာရ

By ကချင်လေး(မဇ္ဈိမ)
23 August 2023
ဖားကန့်တွင် စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်၍ ဒေသခံ အမျိုးသမီး ဒဏ်ရာရ
ပုံအညွှန်း- လက်နက်ကြီးကျည်ထိခဲ့သည့် အိမ်အခြေအနေ (ဓာတ်ပုံ-ပေးပို့)

ဖားကန့်မြို့နယ်၊ နန့်ယားဗျူဟာကုန်းတွင် အထိုင်ချတပ်စွဲနေသည့် စစ်ကောင်စီတပ်ဖွဲ့ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်ကြောင့် နန့်ယားကျေးရွာဒေသခံ အမျိုးသမီးတဦး ကျည်စထိမှန် ဒဏ်ရာရရှိသွားကြောင်း ဒေသခံများထံက သိရသည်။ 

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ၊ ကာမိုင်းမြို့မှ ဖားကန့်မြို့သို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို  ယမန်နေ့ သြဂုတ်လ ၂၂ ရက်က KIA၊ PDF ပူးပေါင်းတပ်က ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့သည်။

ထိုသို့ တိုက်ခိုက်ခံရသည့်အတွက် နန့်ယားဗျူဟာကုန်းရှိ စစ်ကောင်စီတပ်ဖွဲ့က လက်နက်ကြီးဖြင့် တစ်ရက်လုံး ပစ်ခတ်ခဲ့ရာ ယင်းလက်နက်ကြီးထဲမှ အချို့သည် နန့်ယားကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ 

“သူတို့(စစ်တပ်)က တစ်ရက်လုံး ပစ်နေတာဟုတ်တယ် ။ ပစ်တာက တိုက်ပွဲဖြစ်တဲ့ နေရာဘက်ကို ပစ်ကြတယ်လို့ပြောတာပဲ။ ဒါပေမဲ့ တိုက်ပွဲဖြစ်တဲ့နေရာက ဒီကနေ ဝေးသေးတယ်။ အဲ့တာ သူတို့ပစ်လိုက်တဲ့ ကျည်တလုံးက   ရပ်ကွက် (၁) မှာကျတယ်။ ပေါက်ကွဲတဲ့ ကျည်စက အမျိုးသမီးတယောက်မှာ ထိသွားတာဟုတ်တယ် ” ဟု နန့်ယားဒေသခံအမျိုးသားတဦးက ပြောသည်။

 အသက် ၃၅ နှစ်အရွယ် ဒေါ်ဇင်မာဦးသည် ယမန်နေ့ နေ့လယ် ၁ နာရီခန့်က အိမ်ဝရံတာတွင် ထိုင်နေစဥ် ချိုင်းအောက်တနေရာနှင့် ပေါင်တဖက်ကို လက်နက်ကြီးကျည် ထိမှန်ခဲ့ခြင်းဖြစ်သည်။ 

ထိုသို့ တိုက်ပွဲဖြစ်ပွားနေမှုကြောင့်  နန့်ယားစစ်တပ်ဂိတ်နေရာနှင့် ကာမိုင်းလမ်းခွဲများတွင် စစ်ကောင်စီတပ်က လမ်းများပိတ်ဆို့ထားကြောင်း သိရသည်။ လက်ရှိတွင်  တိုက်ပွဲဖြစ်ပွားရာအနီးရှိ ကျောက်ထု၊ အွန်ကထောင်နှင့် ခင်တောင် ကျေးရွာများမှ ပြည်သူများသည့်  နန့်ယားနှစ်ခြင်းခရစ်ယာန်ဘုရားကျောင်း နှင့် ဆွေမျိုးအသိအိမ်များတွင် တိမ်းရှောင် ခိုလှုံနေပြီး  တိုက်ပွဲဖြစ်ပွားရာ နေရာနှင့် အတန်ငယ်ဝေးသည့် နန့်ယား၊ ကပ်မှော်နှင့် ဆိုင်းဖရာကျေးရွာများမှ  ဒေသခံများသည် စစ်အရှိန်မြင့်တက်လာမည်ကို စိုးရိမ်နေကြသည်။

စာတည်း။ ။အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly