စစ်ကောင်စီတပ် ထောက်ပို့စစ်ကြောင်းအား KNLA ပူးပေါင်းတပ်ဖွဲ့ ကြားဖြတ်တိုက်ခိုက် 

By YT  ( မဇ္ဈိမ)
13 June 2023
စစ်ကောင်စီတပ် ထောက်ပို့စစ်ကြောင်းအား KNLA ပူးပေါင်းတပ်ဖွဲ့ ကြားဖြတ်တိုက်ခိုက် 
ဓါတ်ပုံ- KNLA၊ SOF ပူးပေါင်းစစ်ကြောင်း

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ ကွီလုံတိုင် စစ်ကောင်စီတပ်စခန်းအား ရိက္ခာနှင့် လက်နက်ခဲယမ်းများ ထောက်ပို့ရန် လာသော စစ်ကောင်စီတပ်စစ်ကြောင်းအား ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ (၆) KNLA၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့(SOF) ပါဝင်သော စစ်ကြောင်း (၁) မှ ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း SOF က ယနေ့ ဇွန်လ ၁၃ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။ 

ပြီးခဲ့သည့် ဇွန်လ ၃ ရက်နေ့၊ နံနက်ပိုင်းက ကွီလုံတိုင်စခန်းအား ရိက္ခာနှင့်လက်နက်ခဲယမ်းများ ထောက်ပို့ရန်လာသော  အင်အား ၅၀ ကျော်ပါသည့် စစ်ကောင်စီတပ်စစ်ကြောင်းအား ကွီလုံတိုင်စခန်းနှင့် ရေသရောက်စခန်းအကြား၊ ဒေါနတောင်ထိပ်တွင် KNLA၊ SOF စစ်ကြောင်းက စောင့်၍ ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ 

" စစ်ကြောင်းက စစ်ကြောင်းမှူးအပါ ၅၀ အထက်မှာရှိတယ်။ တိုက်ပွဲဖြစ်ရာနေရာက KNU တပ်ရင်း (၁၇) လှုပ်ရှားနယ်မြေပေါ့နော်။ ကြာအင်းဆိပ်ကြီးမြို့နယ်ထဲမှာပဲ ရေသရောက်စခန်းနဲ့ ကွီလုံတိုင်စခန်းကြားပေါ့နော်။ ပြီးတော့ ထိုင်းနယ်စပ်လည်းဖြစ်တယ်။ ထိုင်းနဲ့ မြန်မာ Border Line တည့်တည့်လည်း ဖြစ်တယ်။ တိုက်ပွဲဖြစ်တာက ထိုင်းနဲ့ မြန်မာနယ်စပ် ဒေါနတောင်ထိပ်တည့်တည့် အဲ့ဒီမှာဖြစ်တာပါ" ဟု SOF တာဝန်ခံ ကိုအောင်စံရှားက မဇ္ဈိမကိုပြောသည်။ 

စစ်ဆင်ရေးအား စနိုက်ပါပစ်ခတ်ခြင်းဖြင့် စတင်ခဲ့ပြီး ထိုပစ်ခတ်မှုကြောင့် စစ်ကောင်စီတပ် စစ်ကြောင်းမှူး (ဒု-တပ်ရင်းမှူး)တစ်ဦး သေဆုံးခဲ့ပြီး နှစ်ဖက်ထိတွေ့တိုက်ပွဲ တစ်နေကုန်နီးပါး ကြာမြင့်ခဲ့ကာ ညနေ ၆ နာရီတွင်မှ ပြီးဆုံးကြောင်း၊ တိုက်ပွဲဖြစ်စဉ်တစ်ခုလုံးအတွင်း စစ်ကောင်စီတပ်ဘက်မှ စစ်ကြောင်းမှူးအပါအဝင် သုံးဦးသေဆုံး၍ ၁၃ ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဆိုသည်။

တိုက်ပွဲဖြစ်ပွားမှုအပြီးတွင် အဆိုပါစစ်ကြောင်းမှ အသက်ရှင်ကျန်ရစ်နေသော စစ်သားများသည် သေဆုံး၊ ဒဏ်ရာရ စစ်သားများအား သယ်၍ ဖရိုဖရဲပုံစံများဖြင့် ထိုင်းဘက်ခြမ်းသို့ ကူးကာ ထွက်ပြေးသွားကြကြောင်း သိရသည်။ 

" ထိုင်းဘက်ကိုက သူတို့စစ်ကြောင်းတစ်ကြောင်းလုံးပဲပေါ့နော် ထွက်ပြေးတာ။ စစ်ကြောင်းတစ်ကြောင်းလုံးဆိုတာက သူတို့က သေသွားတဲ့ရဲဘော်တွေရဲ့ အလောင်းတွေလည်း ပြန်ဆွဲသွားတယ်။ ဒဏ်ရာရတဲ့ရဲဘော် ၁၃ ကောင်ရှိတော့ သူတို့အဲ့ဒါတွေလည်း ပြန်သယ်သွားတယ်။ စစ်ကြောင်းတစ်ကြောင်းလုံးကတော့ ဖရိုဖရဲပုံစံနဲ့ ထိုင်းဘက်ခြမ်းကို ကူးသွားတာ" ဟု SOF တာဝန်ခံ ကိုအောင်စံရှားက မဇ္ဈိမကိုပြောသည်။ 

KNLA၊ SOF ပူးပေါင်းစစ်ကြောင်းဘက်တွင်လည်း ရဲဘော်ငါးဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး စိုးရိမ်ရသည့် အခြေအနေ မဟုတ်ကြောင်း သိရသည်။

KNLA၊ SOF အနေဖြင့် စစ်ကောင်စီစစ်ကြောင်းအား ပိတ်ဆို့၍ အပြီးသတ်ချေမှုန်းရန် ပြုလုပ်ခဲ့သော်လည်း နယ်မြေအနေအထားအရ အခက်အခဲများစွာရှိခဲ့၍ အပြီးတိုင်ချေမှုန်းနိုင်ခြင်းမရှိခဲ့ကြောင်း သိရသည်။

" ကျွန်တော်တို့က အဓိကကတော့ သူတို့စစ်ကြောင်းတွေကို ပိတ်ဆို့ပြီးတော့ ချေမှုန်းတာပေါ့။ သို့သော်လည်း မြေပြင်အနေအထားအရ လျှိုတွေ တောင်ဆင်းတောင်တက်တွေ၊ ချိုင့်ဝှမ်းတွေ များတဲ့အတွက် ပိတ်ဆို့ပြီးတော့ စစ်ဆင်ရေးလုပ်ရတဲ့အခါမှာ နည်းနည်း အခက်အခဲရှိပါတယ်။ အဲ့ဒါကြောင့် စစ်ကြောင်းကို အပြီးတိုင် ချေမှုန်းနိုင်တဲ့အနေအထားမရှိခဲ့ဘူး" ဟု ကိုအောင်စံရှားက ဆိုသည်။

ပြီးခဲ့သည့် ဇွန်လ ၈ ရက်နေ့ကလည်း ကြာအင်းဆိပ်ကြီးမြို့နယ်၊ မြို့နယ်ခန်းမ (ခ) ဇမိခန်းမအား KNU တပ်မဟာ (၆) KNLA၊ SOF၊ Cloud Wings ပူးပေါင်းတပ်ဖွဲ့က ဒရုန်းများဖြင့် ဗုံးသီးပစ်ချ တိုက်ခိုက်ခဲ့ပြီး ဗုံးသီးကျရောက်ပေါက်ကွဲမှုကြောင့် စစ်ကောင်စီတပ်သား နှစ်ဦးနှင့်အထက် သေဆုံး၍ ထိခိုက်ဒဏ်ရာရသူများခဲ့ကာ ဇမိခန်းမ​၏ အဆောက်အဦများ ကြေမွပျက်စီးခဲ့ရကြောင်း သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly