ညောင်လေးပင်ခရိုင်တွင် စစ်ကောင်စီ​၏ လက်နက်ကြီးကြောင့် ဆယ်ကျော်သက်အမျိုးသမီးသေဆုံး ၈ ဦး ဒဏ်ရာရ

By YT  ( မဇ္ဈိမ)
12 October 2023
ညောင်လေးပင်ခရိုင်တွင် စစ်ကောင်စီ​၏ လက်နက်ကြီးကြောင့် ဆယ်ကျော်သက်အမျိုးသမီးသေဆုံး ၈ ဦး ဒဏ်ရာရ
ပုံအညွှန်း- စစ်ကောင်စီတပ်​၏ လက်နက်ကြီးကြောင့် ပျက်စီးမှုများ (ဓါတ်ပုံ- KNU)

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်တွင် စစ်ကောင်စီတပ်များ​၏ လက်နက်ကြီးပစ်ခတ်မှုများကြောင့် ဒေသခံ အသက် ၁၄ နှစ်အရွယ်အမျိုးသမီးငယ် တဦးသေဆုံး၍ ရှစ်ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) ဗဟိုက ယမန်နေ့ အောက်တိုဘာလ ၁၁ ရက်နေ့က ထုတ်ပြန်သည်။

အောက်တိုဘာလ ၁၀ ရက်နေ့တွင် ညောင်လေးပင်ခရိုင်အတွင်း အခြေစိုက်၊ အထိုင်ချနေသည့် စစ်ကောင်စီတပ်စခန်းများ​၏ လက်နက်ကြီးပစ်ခတ်မှုများကြောင့် ဒေသခံများ ထိခိုက်၊ သေဆုံးခြင်းဖြစ်ကြောင်း KNU က ဆိုသည်။

" တိုက်ပွဲမဖြစ်ပါဘူး၊ ရမ်းသန်းပစ်နေတာ။ ဒီလိုပဲ တနေကုန် ထုနေတာပဲ။ အခုဆို ဈေးတွေမှာလည်း လိုက်ပတ်တယ်။ အဝေးကနေ ဈေးလာဝယ်တဲ့သူဆိုလည်း စစ်တယ်" ဟု ကျောက်ကြီးမြို့နယ် ဒေသခံတဦးက မဇ္ဈိမကိုပြောသည်။ 

အောက်တိုဘာလ ၁၀ ရက်နေ့တွင် ပိန်းဇလုပ်မြို့အခြေစိုက် စစ်ကောင်စီခြေလျင်တပ်ရင်း ခလရ (၂၆၄) မှ ၁၅၅ မမ အမျိုးအစားလက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ကျောက်ကြီးမြို့နယ်၊ ရွာကန့်လန့်ကျေးရွာမှ ကလေးငယ် တဦးအပါအဝင် ဒေသခံသုံးဦး ဒဏ်ရာရခဲ့ပြီး နွားနှစ်ကောင်သေဆုံးခဲ့ကြောင်း သိရသည်။ 

" ထိုးဝါးစိုက်ကျေးရွာအုပ်စု၊ ရွာကန့်လန့်ကျေးရွာကပါ။ ကလေးရယ်၊ အမေရယ်၊ သူ့အဖေရယ်လို့တော့ သိရပါတယ်။ ကျွန်တော်တို့ရောက်သွားတော့ လူနာတွေကို ဆေးရုံခေါ်သွားပါပြီ။ နွားနှစ်ကောင်သေပြီး တကောင်ဒဏ်ရာရပါတယ်"ဟု ဒေသတွင်း သတင်းရင်းမြစ်တဦးက မဇ္ဈိမကိုပြောသည်။

ထိခိုက်ဒဏ်ရာရသူများမှာ ရွာကန့်လန့်ကျေးရွာနေ အသက် ၃၅ နှစ်အရွယ်ရှိ စောပွါးစေး၊ အသက် ၃၀ နှစ်အရွယ်ရှိ နော်လားဒူးနှင့် ၎င်းတို့​၏ သမီးဖြစ်သူ အသက် နှစ်နှစ်အရွယ်ရှိ နော်ကဲဘလုမူးတို့ဖြစ်သည်။ 

ပုံအညွှန်း- စစ်ကောင်စီတပ်​၏ လက်နက်ကြီးကြောင့် ဒဏ်ရာရသူအချို့ (ဓါတ်ပုံ- KNU)

အဆိုပါနေ့တွင်ပင် မုန်းမြို့နယ်၌လည်း စစ်ကောင်စီခြေမြန်တပ်ရင်း ခမရ (၃၀၇)နှင့် ခမရ (၄၃၉)တို့မှ လက်နက်ကြီး ရမ်းသန်း ပစ်ခတ်မှုများကြောင့် ဆယ်ကျော်သက် အမျိုးသမီးငယ်တဦး သေဆုံး၍ ဆရာတော်တပါးအပါအဝင် ငါးဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။ 

လက်နက်ကြီးထိမှန် သေဆုံးသူမှာ မုန်းမြို့နယ်၊ ကျော်လှကျေးရွာနေ အသက် ၁၄ နှစ်အရွယ်ရှိ မယုရတီနိုင်ဖြစ်ပြီး ထိခိုက်ဒဏ်ရာရသူများမှာ မုန်းမြို့နယ်၊ သနပ်ကွင်းကျေးရွာ ဘုန်းကြီးကျောင်းမှ သက်တော် ၇၄ နှစ်ရှိ ကျောင်းတိုက်ဆရာတော် ဦးကောဝိတ၊ နန္ဒမိတ်ကျေးရွာမှ အသက် ၆၀ အရွယ်ရှိ ဦးတင်ထွန်း၊ အသက် ၅၈ နှစ်အရွယ်ရှိ ဒေါ်မြင့်ဌေး၊ အသက် ၃၅ နှစ်အရွယ်ရှိ ဒေါ်မာလာ၊ အသက် နှစ်နှစ်အရွယ်ရှိ မောင်ပြည့်စုံတို့ ဖြစ်သည်။ 

ပုံအညွှန်း- စစ်ကောင်စီတပ်​၏ လက်နက်ကြီးကြောင့် ဒဏ်ရာရသူအချို့ (ဓါတ်ပုံ- KNU)

ထိခိုက်ဒဏ်ရာရသူများအား KNU ကျေးလက်ဆေးပေးခန်းများမှ ဆေးကုသမှု ပြုလုပ်ပေးထားပြီး ဒဏ်ရာအခြေအနေ မစိုးရိမ်ရကြောင်း သိရသည်။

" အိမ်တလုံးထဲကို ကျတာ။ အိမ်လည်း ပျက်စီးတာပဲ။ လက်နက်ကြီးအစတွေ ထိတာပေါ့ လူတွေက ၊ အခု မစိုးရိမ်ရတော့ဘူး ဆေးကုထားပြီလေ" ဟု KNLA သတင်းရင်းမြစ်တဦးက မဇ္ဈိမကိုပြောသည်။ 

ဒေသခံများ လက်နက်ကြီး ထိမှန်၍ သေဆုံး၊ ထိခိုက်မှု ဖြစ်ပေါ်နေသည့် ကျောက်ကြီးမြို့နယ်နှင့် မုန်းမြို့နယ်သည် ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၃) နယ်မြေတွင်း တည်ရှိသည်။ 

KNU တပ်မဟာ (၃) နယ်မြေသည် စစ်ကောင်စီတပ်နှင့် နယ်မြေခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)၊ PDF ပူးပေါင်းတပ်ဖွဲ့များအကြား မကြာခဏ ထိတွေ့တိုက်ပွဲ ဖြစ်ပွားလေ့ရှိရာ နယ်မြေဖြစ်သည်။

စာတည်း - သန့်ဇော်(သန်လျင်)

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required