ဧရာဝတီတိုင်း၊ ဟင်္သာတမြို့က စီးပွားရေးလုပ်ငန်းရှင်တွေကို NUG ၊ PDF အဖွဲ့အစည်းတွေနဲ့ မပတ်သက်ကြဖို့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ရဲ တပ်ဖွဲ့ဝင်တွေက ခေါ်ယူသတိ ပေးခဲ့ပါတယ်။
ဟင်္သာတမြို့ပေါ်က ဆန်ပွဲစား၊ ပဲပွဲစားနဲ့ အခြားစီးပွားရေးလုပ်ငန်းရှင်တွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေက ဇွန်လ ၈ ရက်နေ့က ခေါ်ယူ သတိပေးခဲ့တာ ဖြစ်ပါတယ်။
အဲ့ဒီလို ခေါ်ယူစစ်ဆေးခံရတာဟာ ဟင်္သာတမြို့ပေါ်မှာနေတဲ့ ကြံ့ခိုင်ရေးပါတီနဲ့ စစ်ကောင်စီထောက်ခံအားပေးသူ ဦးမြင့်သိန်းဦးရဲ့ လက်ချက်ဖြစ်တယ်လို့ သိထားရပါတယ်။
အဲ့ဒီလူက သူနဲ့မတည့်တဲ့သူတွေကို ဒီလို လိုက်လုပ်နေတာ ကြာပါပြီ၊ အရင်တုန်းက NLD ကို အားပေးထောက်ခံခဲ့တဲ့သူတွေ အဓိကခေါ်စစ်ခံရတယ်လို့သိရတယ်။ ဖမ်းတာမျိုးတော့မဟုတ်ဘူး ခေါ်ပြီးသတိပေးတဲ့ပုံစံပါ။
ဟင်္သာတမြို့မှာရှိတဲ့ သရဖူ ပဲမျိုးစုံနှင့်အထွေထွေရောင်းဝယ်ရေး၊ Emerald Silk & Fabric ပိုးထည်တိုက်များနဲ့ Happy Guesthouse ပိုင်ရှင်၊ Sakura Hospital Hinthada နှင့် Galaxy KTV နဲ့ စားသောက်ဆိုင်ရဲ့ ရှယ်ယာဝင်တစ်ဦးဖြစ်သူ ဦးမြင့်သိန်းဦးဟာ ဟင်္သာတမြို့မှာ စစ်ကောင်စီကို အများဆုံး ပံ့ပိုးနေတဲ့သူလည်း ဖြစ်ပါတယ်။
ဟင်္သာတမြို့မှာ စစ်တပ်ထောက်ခံပွဲလုပ်ရင်လည်း ကားစီစဥ်ပေးတာတွေကို ဦးမြင့်သိန်းဦးက ကူညီဆောင်ရွက်ပေးပါတယ်။ မနှစ်က ပြည်ထောင်စုနေ့ (၁၂. ၂. ၂၀၂၂) မှာလည်း အားကာတန်းမှာရှိတဲ့ သူ့ရဲ့ Emerald ပိုးထည်တိုက်အပေါ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင် စနိုက်ပါသမားတွေက နေရာယူစောင့်ကြည့်ခဲ့တာတွေ ရှိခဲ့ပါတယ်။
စစ်ကောင်စီက ကျင်းပတဲ့ သင်္ကြန်ပွဲ လူစည်ကားအောင်လည်း ဟင်္သာတသင်္ကြန် ဗဟိုမဏ္ဍပ်ဖြစ်မြောက်ရေးကို ဦးဆောင်ပြီး ပြုလုပ်ခဲ့တဲ့သူ ဖြစ်ပါတယ်။
ဦးမြင့်သိန်းဦးဟာ ငွေကြေးပြည့်စုံသူဖြစ်တာကြောင့် လူမိုက်တွေမွေးပြီး စစ်ကောင်စီအတွက် သတင်းထောက်လှမ်း ခိုင်းတာတွေကိုလည်း လုပ်ပါတယ်။ ပေါ်ပေါ်ထင်ထင် စစ်ကောင်စီကို ထောက်ပံ့နေတာမျိုးမဟုတ်ဘဲ နောက်ကွယ်ကနေ ကြိုးကိုင်နေတဲ့သူလည်း ဖြစ်ပါတယ်။
သူ့တပည့်လူမိုက်တွေရဲ့လုပ်ရပ်တွေကြောင့် ဟင်္သာတမြို့မှာ အဖမ်းခံရတဲ့သူတွေ ရှိပါတယ်။ ဦးမြင့်သိန်းဦးဟာ ငွေကြေးချမ်းသာတဲ့အပြင် ဟင်္သာတမြို့နယ် စီမံအုပ်ချုပ်ရေးကောင်စီနဲ့ ပူးပေါင်းနေတာကြောင့် ဘယ်သူကမှ သူ့မကောင်းကြောင်း မပြောရဲကြပါဘူး။
အဲ့ဒီအပြင် ဟင်္သာတမြို့အခြေစိုက် ခလရ (၁၈) က စစ်တပ်အရာရှိတွေ၊ ရဲအရာရှိတွေနဲ့ ဟင်္သာဂေါက်ကွင်းမှာ ဂေါက်ရိုက်တာတွေ ၊ Galaxy KTVမှာ စားသောက်တာတွေလည်း မကြာခဏပြုလုပ်ပါတယ်။
ဦးမြင့်သိန်းဦးဟာ ဟင်္သာတမြို့သား ကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌဟောင်း ဦးဌေးဦးနဲ့အတူ စီးပွားရေးလုပ်တာတွေလည်းရှိပြီး လက်ရှိမှာ စစ်ကောင်စီရဲ့ ဒေါက်တိုင်အကြီးစားဖြစ်နေလို့ ကျွန်တော်တို့မြို့ကလူတွေက သူ့ကိုရွံကြောက်ကြီးလို ဖြစ်နေပါတယ်။
အများပြည်သူ သိရှိနိုင်ဖို့ မဇ္စျိမရဲ့ အယ်ဒီတာထံပေးစာကတစ်ဆင့် ရေးသားဖော်ပြလိုက်ပါတယ်။