စစ်ကောင်စီအမိန့်ကြောင့် ဈေးလျှော့ရောင်းသည့်ဆီကို စားသုံးပြီးနောက် ရောဂါအချို့ခံစားရ

By မင်းထက်(မဇ္စျိမ)
21 September 2023
စစ်ကောင်စီအမိန့်ကြောင့် ဈေးလျှော့ရောင်းသည့်ဆီကို စားသုံးပြီးနောက် ရောဂါအချို့ခံစားရ
ဓာတ်ပုံ - ပုသိမ်ဒေသခံပေးပို့လာသည့် အင်ဂျင်ဝိုင်အရောင် စားသုံးဆီ

ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်တွင် စစ်ကောင်စီအမိန့်ကြောင့် ၄,၅၀၀ ကျပ်ဖြင့် စျေးလျှော့ရောင်း ချပေးသည့်ဆီများကိုစားသုံးပြီးနောက် လည်ချောင်းနာနှင့် ချောင်းဆိုးသလိပ်ကပ်ဝေဒနာများ ခံစားနေ ကြရကြောင်း ဒေသခံများထံမှ သိရသည်။

“အဲဒီဆီက နှစ်လလောက်ထားရင် အရောင်က အင်ဂျင်ဝိုင်လိုအရောင်ကို ပြောင်းသွားတယ်။ အပြင်မှာ စျေးကြီးတော့လည်း ဒါပဲစားရတာပေါ့။ အဲဒီဆီကို စားတဲ့လူတိုင်း ချောင်းဆိုး၊ လည်ချောင်းနာဖြစ်နေတာ” ဟု ပုသိမ်ဒေသခံတဦးက ပြောသည်။

မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းဝင် ကိုယ်စားလှယ်များ၊ စားသုံးသူရေးရာ တာဝန် ရှိသူများက တန်းစီဝယ်ယူရသည့်စနစ်ဖြင့် ရပ်ကွက်အလိုက် အပတ်စဥ်လှည့်လည် ရောင်းချပေးနေသည့် စားသုံးဆီများကို စားသုံးပြီးနောက် ထိုသို့ဝေဒနာများ ခံစားနေရခြင်းဖြစ်သည်ဟု ဆိုသည်။

ကျပ် ၂၀,၀၀၀ တန်ငွေစက္ကူများ ထုတ်ဝေမည်ဟု သတင်းများထွက်ပေါ်လာသည့် ဇူလိုင်လ ၂၃ ရက်နေ့မှ စတင်ကာ စားသုံးဆီအပါအဝင် ကုန်ပစ္စည်းများ စျေးနှုန်းမြင့်တက်ခဲ့ခြင်းဖြစ်သည်။

ထိုသို့ စျေးနှုန်းမြင့်တက်လာချိန်မှစကာ စစ်ကောင်စီအမိန့်ကြောင့် တပိဿာ ၄,၅၀၀ ကျပ်နှုန်းဖြင့် တအိမ် ထောင်တပိဿာနှုန်းဖြင့် စားသုံးဆီများကို ရပ်ကွက်အလိုက် ရောင်းချခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“၂၀,၀၀၀ တန်ထွက်မယ်လို့ကြေညာပြီး သိပ်မကြာဘူး ဆီစျေးစတက်တာပဲ။ အခုဆို ဆီကိုလျှော့စျေးနဲ့ ရောင်းနေတာ သုံးလလောက်ရှိပြီ။ သူတို့ရောင်းတဲ့ဆီက ဓာတုဆီလို့လည်း ကောလာဟလတွေပြောနေ ကြတယ်။ ကျမတို့တော့ ကြောက်လို့ဝယ်မစားဘူး” ဟု ပုသိမ်ဒေသခံ အမျိုးသမီးတဦးကပြောသည်။

ဆီတန်းစီဝယ်သူများက ၎င်းတို့ရရှိလာသည့်ဆီကို နီးစပ်ရာအရောင်းဆိုင်များသို့ တပိဿာ ၇,၀၀၀ (သို့) ၈,၀၀၀ ကျပ်နှုန်းဖြင့် ပြန်လည်ရောင်ချသူလည်းရှိပြီး ဆိုင်ပိုင်ရှင်များက ၎င်းတို့ရောင်းချနေသည့် ဆီများ နှင့် ရောနှောရောင်းချနေသည့်အတွက် ရေရှည်တွင် ကျန်းမာရေးထိခိုက်လာနိုင်ကြောင်း CDM ကျန်းမာ ရေးဝန်ထမ်းများက သတိပေးသည်။

“ဒီဆီတွေက စားသုံးဆီထဲမှာ အညံ့ဆုံးအမျိုးအစားတွေဖြစ်ပါတယ်။ ရေရှည်စားသုံးဖို့ မသင့်တော်ပါဘူး။ သွေးတိုး၊ ဆီးချိုရှိတဲ့လူတွေဆို ပိုရှောင်သင့်ပါတယ်။ ဒီဆီထဲမှာ ဘာတွေပါနေတယ်ဆိုတာကတော့ ဓာတ် ခွဲစမ်းသပ်ပြီးမှ အသေးစိတ်ပြောလို့ရပါမယ်” ဟု CDM ဆရာဝန်တဦးက သုံးသပ်ပြောဆိုသည်။

တပိဿာ ၄,၅၀၀ ကျပ်ဖြင့် ရောင်းချပေးသည့် စားသုံးဆီများကိုစားသုံးခဲ့သည့် ကန်ကြီးထောင့်၊ ဟင်္သာတ နှင့် မအူပင်မြို့နယ်တို့မှ ဒေသခံများကလည်း ချောင်းဆိုး၊ လည်ချောင်းနာ၊ သလိပ်ကပ် ဝေဒနာများခံစား ခဲ့ရကြောင်း မဇ္စျိမကိုပြောသည်။

လက်ရှိတွင် ဧရာဝတီတိုင်းအပါအဝင် နိုင်ငံတဝန်းရှိမြို့နယ်များ၌ စားသုံးဆီစျေးနှုန်း ၁၀,၀၀၀ မှ ၁၂,၀၀၀ ကျပ် အထိရှိနေသည်ဟုသိရပြီး ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းဝင် ကိုယ်စားလှယ်များ၊ စားသုံး သူရေးရာတာဝန်ရှိသူများက တန်းစီအလှည့်ကျဝယ်ယူရသည့်စနစ်ဖြင့် ဆီရောင်းချမှု ဆက်လက်ပြုလုပ် နေသည်ဟု သိရသည်။

စာတည်း။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly