တနင်္သာရီတွင် စစ်ကောင်စီတပ် ဖမ်းဆီးခဲ့သည့် လူနာတင်ယာဥ်မောင်း ဆက်သွယ် ပြတ်တောက်

By ကိုရွှေမြိတ်(မဇ္ဈိမ)
03 October 2023
တနင်္သာရီတွင် စစ်ကောင်စီတပ် ဖမ်းဆီးခဲ့သည့် လူနာတင်ယာဥ်မောင်း ဆက်သွယ် ပြတ်တောက်
ပုံအညွှန်း - စစ်ကောင်စီတပ်ဖမ်းဆီးခဲ့သည့်လူနာတင်ယာဥ် (ပုံအညွှန်း- ပေးပို့)

စစ်ကောင်စီတပ် ဖမ်းဆီးခဲ့သည့် တနင်္သာရီမြို့နယ် ၊ သာရဘွင်ရွာ အခြေစိုက်  ချမ်းမြေ့ပါရမီ ကျန်းမာရေး အထောက်အကူပြု အဖွဲ့ ယာဥ်မောင်းနှင့်  လက်ရှိအချိန်အထိ အဆက်အသွယ် ပြတ်တောက်နေဆဲဖြစ်ပြီး တစ်စုံတစ်ရာ သတင်းမကြားရသေးကြောင်း  အသင်းနှင့် နီးစပ်သူများထံက သိရသည်။

 မြိတ်မြို့သို့ လူနာသွားပို့ပြီး  တကူတိုက်နယ် သာရဘွင်ရွာသို့ အပြန် ပြီးခဲ့သည့် စက်တင်ဘာလ ၃၀ ရက် မနက်ပိုင်းက  ဇဝဲရွာ စစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးခဲ့ခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
 
အသင်းပိုင်ကားနှင့် အတူ ၎င်းကို  ဇဝဲရွာအခြေစိုက် ခမရ (၅၅၆) တပ်ရင်းသို့ ခေါ်ဆောင်သွားခြင်းဖြစ်ပြီး ယနေ့ သြဂုတ်လ ၃ ရက်   အထိ အဆက်အသွယ်မရသေးကြောင်း ယင်းအဖွဲ့နှင့် နီးစပ်သူများထံက သိရသည်။

“ရွာက လူနာပို့တုန်းကတော့ ပေးဖြတ်တယ်။ တညအိပ်ပြီး အပြန်မှာ ဖမ်းခံရတယ်လို့ သိရတယ်။  လက်ရှိ အချိန် အထိတော့ လူရော ကားပါ ဘာ အဆက်အသွယ်မှ မရ ဖြစ်နေတယ်”ဟုသာရဘွင်ရွာခံ အမျိုးသား တဦးက ပြောသည်။

ဖမ်းခံရသူမှာ အသက် ၂၈ နှစ်အရွယ် ကိုအောင်ကျော်နိုင်ဆိုသူဖြစ်ပြီး  မည်သည့်အတွက်ကြောင့် ဖမ်းဆီးခံခဲ့ရသည်ကို မသိရသေးကြောင်း ဒေသခံများကဆိုသည်။ 

ပုံအညွှန်း - စစ်ကောင်စီတပ်ဖမ်းဆီးခဲ့သည့်ယာဥ်မောင် (ပုံအညွှန်း- ပေးပို့)

ဇဝဲရွာ စစ်ဆေးရေးဂိတ်သည်  မြိတ်မှ တကူရွာနှင့် တနင်္သာရီမြို့နယ်သို့ အဓိကထား ဖြတ်သန်း သွားလာရသည့် လမ်းပိုင်း ဖြစ်သည်။

 ပြီးခဲ့သည့် စက်တင်ဘာလကလည်း တနင်္သာရီမြို့နယ်၊ မော်တုန်း (အရှေ့) ရွာက  ချစ်ကြည်ရေး ပရဟိတအသင်း ယာဥ်မောင်း အမျိုးသား တဦးကို  စစ်ကောင်စီတပ်က ၎င်း၏ နေအိမ်တွင်ပင် ဝင်ရောက်ဖမ်းဆီးခဲ့ရာ ယနေ့အထိ မလွှတ်မြောက်လာသေးသည့်အပြင် အဆက်အသွယ်လည်း ပြတ်တောက်နေကြောင်း  သိရသည်။ 

တနင်္သာရီမြို့နယ်တွင်   လူမှုကယ်ဆယ်ရေး လုပ်ငန်းများအနေဖြင့်  ညဘက်တွင် ဖြတ်သန်းသွားလာခြင်း မပြုရန် ပြီးခဲ့သည့် စက်တင်ဘာလက စစ်ဆေးရေး ဂိတ်များရှိ စစ်ကောင်စီ တပ်သားများက ပိတ်ပင်ထားကြောင်း သိရ သည်။တနင်္သာရီမြို့နယ်ကို  စစ်ကောင်စီက စစ်အုပ်ချုပ်ရေး ကြေညာထားသည်။

စာတည်း။ ။အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly