စစ်ကောင်စီက သယ်ယူခွင့်ကန့်သတ်ထား၍ တနင်္သာရီမြို့နယ်အတွင်းမှ ကျေးရွာအချို့ ဆန်ပြတ်လပ်

By ကိုရွှေမြိတ်(မဇ္ဈိမ)
12 October 2023
စစ်ကောင်စီက သယ်ယူခွင့်ကန့်သတ်ထား၍ တနင်္သာရီမြို့နယ်အတွင်းမှ ကျေးရွာအချို့ ဆန်ပြတ်လပ်
(ပုံစာ -တနင်္သာရီမြို့နယ်ရှိ ညောင်ပင်ကွင်းကျေးရွာအား တွေ့ရစဉ်)

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်ရှိ ကျေးရွာအချို့တွင် စစ်ကောင်စီက သယ်ယူခွင့် ကန့်သတ်ထား၍ ဆန်ပြတ်လပ်မှုကြုံနေရကြောင်း ဒေသခံများထံမှ သိရသည်။

တနင်္သာရီမြို့နယ်အတွင်းရှိ ညောင်ပင်ကွင်း၊ သကျက်၊ ၆ မိုင်၊ ဘန်လော၊ ဘန်လင်၊ သမီးလှနှင့် မရင်းကြီး စသည့်ကျေးရွာများမှ ဒေသခံများ ဆန်သယ်ယူလာပါက စစ်ကောင်စီစစ်ဆေးရေးဂိတ်များမှ ကန့်သတ် စစ်ဆေးနေခြင်းဖြစ်သည်ဟု ဆိုသည်။

“အခုက ဆိုင်သမားတွေရော အရပ်သားတွေပါ ဆန်ဝယ်ရင် တော်တော်လေးကို ခက်ခဲတဲ့အနေအထား ဖြစ်နေတာ။ အဓိကတော့ ရွာတွေဖက်ကို သယ်ယူခွင့်ပိတ်ခံထားရတာမျိုး ဖြစ်နေတယ်”ဟု ညောင်ပင် ကွင်းကျေးရွာမှ အမျိုးသားတဦးကပြောသည်။

တနင်္သာရီမြို့ပေါ်တွင်နေထိုင်သူများအား ဆန်ဝယ်ခွင့်ကန့်သတ်မှုမရှိသော်လည်း ကျေးရွာနေ ပြည်သူများ ကို ပြန်လည်ရောင်းချသူများအား တခေါက်လျှင်တအိတ် သယ်ယူခွင့်ပြုထားသလို သာမန် အရပ်သားများ ကိုလည်း တအိတ်သာသယ်ယူခွင့်ပြုထား၍ လုံလောက်မှုမရှိသည့် ဒေသခံများ အခက်ကြုံနေရကြောင်း  သိရသည်။

“ဆန်အိတ်က လိုသလောက်သယ်ခွင့်မရဘူး၊ ရွာမှာက အဆင်မပြေတဲ့သူတွေလည်းရှိနေတော့ ခိုးရောင်း နေရတယ်”ဟု သကျက်ကျေးရွာမှ ကုန်စုံဆိုင်င်ရှင် အမျိုးသမီးတဦးက ပြောသည်။

စစ်ကောင်စီက ကျေးရွာများကို ဆန်သယ်ခွင့်ကန့်သတ်ချက်ကြောင့် ဆန်ပြတ်လပ်မှုကြုံနေရသည့်အပြင် ကန့်သတ်ထားသည့်ထက် ပိုသယ်မိ၍ သိမ်းဆည်းခံရသူများလည်းရှိကြောင်း ဒေသခံများက ဆိုသည်။

“ဆိုင်ကယ်တစီးကို ဆန်တအိပ်ပဲ တင်ခွင့်ရှိတယ်။ ကုန်ကားတွေရော ခရီးသည်တင်ကားတွေမှာပါ ဆန် တင်ခွင့် လုံးဝ မရတော့ဘူး”ဟု မရင်းကြီးကျေးရွာမှ အမျိုးသမီးတဦးကလည်း ပြောသည်။

ထို့ပြင် ဆန်သယ်ယူမှုနှင့်ပတ်သက်ပြီး စစ်ကောင်စီစစ်ဆေးရေးဂိတ်များက အမည်စာရင်းတောင်းယူခြင်း၊ ဆန်အိတ်သယ်ယူမှု အကွာအဝေးအပေါ်မူတည်ပြီး စစ်ဆေးမေးမြန်းခံရမှုများလည်း ရှိနေကြောင်း သိရ သည်။

လက်ရှိ တနင်္သာရီမြို့ပေါ်တွင် ဆန်တအိတ်ကို ကျပ် ၇၀,၀၀၀ ကျော်ပေါက်ဈေးရှိပြီး ကျေးရွာများတွင် စစ်ကောင်စီ၏ ကန့်သတ်မှုကြောင့် ၉၀,၀၀၀ ကျော်မှ ၁၀၀,၀၀၀ နီးပါး အထိပေး ဝယ်ယူနေရကြောင်း ဒေသခံများကပြောသည်။

တနင်္သာရီမြို့နယ်သည် စစ်ကောင်စီက စစ်အုပ်ချုပ်ရေးကြေညာထားသောမြို့နယ်ဖြစ်ပြီး မကြာခဏ တိုက်ပွဲဖြစ်ပွားနေသည့် ဒေသလည်းဖြစ်သည်။

စာတည်း။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly