ဒီပဲယင်းမှာ စစ်ကောင်စီတပ် စစ်ကြောင်းထိုးနေ၍ ပြည်သူ ၁၅,၀၀၀ ခန့် မိုးထဲလေထဲ ထွက်ပြေး

By MTO(မဇ္ဈိမ)
30 September 2023
ဒီပဲယင်းမှာ စစ်ကောင်စီတပ် စစ်ကြောင်းထိုးနေ၍ ပြည်သူ ၁၅,၀၀၀ ခန့် မိုးထဲလေထဲ ထွက်ပြေး
ပုံအညွန်း ဒီပဲယင်းမြို့နယ်အတွင်းရှိပြည်သူများ မိုးထဲရေထဲထွက်ပြေးနေကြရစဉ်

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ် အနောက်ခြမ်းတွင်ရှိသည့် ကျေးရွာများကို စစ်ကောင်စီတပ်က ယနေ့ စက်တင်ဘာလ ၃၀ ရက်နေ့မနက်ပိုင်းတွင် စစ်ကြောင်းထိုးနေသည့်အတွက် ကျေးရွာပေါင်း ၁၃ ရွာမှ ဒေသခံပြည်သူ ၁၅,၀၀၀ ခန့် ဘေးလွတ်ရာကို ထွက်ပြေးနေရကြောင်း People”s Defense Comrade အဖွဲ့ တာဝန်ခံ ကိုထူးခန့်ဇော်က ပြောသည်။

၎င်းက “မနေ့ညကတည်းက တညလုံး ရေဦး ဒီပဲယင်းမှာ မိုးတအားရွာခဲ့တယ်၊ ဒီနေ့လည်း မိုးကရွာနေတုန်းပါပဲ၊ စစ်ကြောင်းထွက်လာတဲ့အချိန် မိုးတအားသည်းနေတာကြောင့်  ဒီပဲယင်းအနောက်ခြမ်းရွာတွေက ပြည်သူပေါင်း ၁၅,၀၀၀ ခန့်လောက် မိုးထဲရေထဲ ရွှံ့ဗွက်တွေကြားမှာ ရုန်းကန်ထွက်ပြေးနေကြရတယ်” ဟု ပြောသည်။

စစ်ကောင်စီတပ်သည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ပြည်သူပိုင်ပစ္စည်းများကို ခိုးယူဖို့အတွက်နဲ့ ပြည်သူတွေ မိုးထဲရေထဲ ဒုက္ခရောက်အောင် ရည်ရွယ်၍ စစ်ကြောင်းထိုးခြင်းဖြစ်ကြောင်း ကိုထူးခန့်ဇော်က မှတ်ချက်ပြုသည်။

ပုံအညွန်း ဒီပဲယင်းမြို့နယ်အတွင်းရှိပြည်သူများ မိုးထဲရေထဲထွက်ပြေးနေကြရစဉ်

စစ်ကောင်စီတပ်၏ စစ်ကြောင်းထိုးမှုကြောင့် ထွက်ပြေးကြရသူများထဲတွင် သက်ကြီးရွယ်အိုများ နာတာရှည်ရောဂါသည်များပါဝင်သည့် အတွက် ၎င်းတို့၏ ကျန်းမာရေးအတွက် စိုးရိမ်းစရာအခြေအနေဖြစ်နေကြောင်း ဒေသခံတဦးက ဆိုသည်။

၎င်းက “ပြည်သူတွေလည်း မိုးရွာကြီးထဲပြေးကြရတာဆိုတော့ ဘာမှသိပ်ပြီးမသယ်နိုင်ကြဘူး၊ မိုးရွာကြီးထဲ သက်ကြီးရွယ်အို အဘိုးအဘွားတွေလည်းပါတယ်။ နာမကျန်းဖြစ်နေကြတဲ့ နာတာရှည်ရောဂါသည်တွေလည်းပါတယ်။

ပုံအညွန်း ဒီပဲယင်းမြို့နယ်အတွင်းရှိပြည်သူများ မိုးထဲရေထဲထွက်ပြေးနေကြရစဉ်

စစ်ကောင်စီတပ်၏ စစ်ကြောင်းထိုးမှုကြောင့် ဒီပဲယင်းမြို့နယ် အနောက်ခြမ်းရှိ ကျေးရွာများဖြစ်သည့် အင်းတန်း ၊ ဝဘာ ၊မဲသည် ၊ ငြိမ်းချမ်း ၊ ယင်းတွေ ၊ လပ်တီး ၊ နှောပင် ၊ ပုဂံ ၊ ကြည်၊ အေးသာယာ(ပျံကျ) နဘဲလှ ၊ ကျည်းစောက် ၊ ကြခတ်  စသည့်ကျေးရွာများမှ ဒေသခံပြည်သူများ ထွက်ပြေးနေရခြင်း ဖြစ်သည်။

အဆိုပါ စစ်ကြောင်းသည် အောင်လံအခြေစိုက် ခလရ (၇၁) မှ  အင်အား ၁၀၀ ကျော်ပါ စစ်ကြောင်းဖြစ်ပြီး၊ ပြီးခဲ့သည့် စက်တင်ဘာလ ၂၅ ၊ ၂၆၊ ၂၇ ရက်နေ့ များကလည်း ရေဦးမြိုနယ်တောင်ဘက်ခြမ်းနှင့် ဒီပဲယင်းနယ် အရှေ့ ခြမ်းရှိ ကျေးရွာများကို စစ်ကြောင်းထိုးခဲ့သည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly