ကနီမြို့နယ် စစ်ဘေးရှောင်များအား ဆန် ၁၄ တင်း လှူဒါန်း

By ကိုခင်မောင် (မဇ္ဈိမ)
26 September 2023
ကနီမြို့နယ် စစ်ဘေးရှောင်များအား ဆန် ၁၄ တင်း လှူဒါန်း
ပုံအညွှန်း။ ။ ကနီမြို့နယ်က စစ်ဘေးရှောင် ဒေသခံများ (ဓာတ်ပုံ။    ။ ကြယ်တာရာ လူမှုကူညီရေးအဖွဲ့)

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှ စစ်ဘေးရှောင်ပြည်သူ အိမ်ထောင်စု ၂၀၀ ကျော်အတွက်  ကြယ်တာရာ  လူမှုကူညီရေးအဖွဲ့ မှ ဆန် ၁၄တင်း လှူဒါန်းသွားကြောင်း ယင်းအဖွဲ့တာဝန်ရှိသူထံမှ သိရသည်။

ယင်းမာပင်မြို့နယ် ကျေးရွာလေးရွာမှ ကနီမြို့နယ်သို့ စစ်ဘေးရှောင်လာသော ဒေသခံများအတွက် တအိမ်ထောင်ကို ဆန်တပြည်နှုန်းဖြင့် စက်တင်ဘာလ ၂၃ရက်နေ့တွင် သွားရောက်လှူဒါန်းခဲ့ခြင်းဖြစ်သည်ဟု ကြယ်တာရာ လူမှုကူညီရေးအဖွဲ့မှ တာဝန်ရှိသူက မဇ္ဈိမကိုပြောသည်။

“စစ်ရှောင်စခန်းမဟုတ်ပါဘူး။ နီးစပ်ရာ ရွာတွေ၊ ဘုန်းတော်ကြီးကျောင်းတွေမှာ ရှောင်ပြေးရတယ်။ ဘုန်းတော်ကြီးကျောင်းတွေ စာသင်ကျောင်းတွေမှာ နေရတယ်။ လှူဒါန်းတာကတော့ နီးစပ်ရာက လှူဒါန်းထားတာရှိတယ်။  အဖွဲ့ရဲ့ လူငယ်လေးတွေ လယ်ယာကထွက်တဲ့ ဆန်စပါးကို လှူဒါန်းခဲ့တာပါ။” ဟု ဆိုသည်။

ပြီးခဲ့သည့် သြဂုတ်လ ၆ရက်နေ့တွင် စစ်ကောင်စီတပ်သားများ ယင်းမာပင်မြို့နယ်၊ သစ်ကွင်းရွာသို့ သေနတ်ပစ်ဖောက်ဝင်ရောက်ကာ နေအိမ်များမီးရှို့မှုများကြောင့် ထိုရွာနှင့် အနီးပတ်ဝန်းကျင်မှ ကျေးရွာများဖြစ်သော ကျောက်မော်ရွာ၊ ကျွန်းပေါ် ရွာ၊ ပန်းတိမ်ပြင်ရွာတို့မှ ဒေသခံများသည်  ကနီမြို့နယ်သို့ စစ်ဘေးတိမ်းရှောင်လာခြင်းဖြစ်ကြောင်းသိရသည်။

ကြယ်တာရာ လူမှုကူညီရေးအဖွဲ့မှ ယခုလှူဒါန်းနေသည်မှာ ပထမအကြိမ်ဖြစ်ပြီး နောက်ပိုင်းတွင်လည်း NUGနှင့် ချိက်ဆက်ပြီး စစ်ဘေးရှောင်ပြည်သူများအား ဆက်လှူနိုင်ရန် စီစဉ်ထားကြောင်းလည်း တာဝန်ရှိက ဆိုသည်။

ကနီမြို့နယ်မှ စစ်ဘေးရှောင်ပြည်သူများတွင် စားဝတ်နေရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ အဓိကလိုအပ်လျက်ရှိကြောင်း၊ ယခုလက်ရှိတွင်  ဆေးဝါးများလှူဒါန်းနေသော ဆရာဝန်များနှင့် ချိတ်ဆက်ပြီး အရေးပေါ် သွားရောက် ဆေးကုသပေးနေကြောင်း သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required