ပုလဲမြို့နယ် ဇီးဖြူကုန်း စခန်းသ်ိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦးသေဆုံး 

By လွှမ်းမိုး (မဇ္ဈိမ)
06 June 2023
ပုလဲမြို့နယ် ဇီးဖြူကုန်း စခန်းသ်ိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦးသေဆုံး 

စစ်ကိုင်းတိုင်း ၊ ပုလဲမြို့နယ် ၊ ဇီးဖြူကုန်း ပျူစခန်းကို ဒေသကာကွယ်ရေးတပ်ဖွဲ့များက ဇွန်လ၂ ရက်နေ့ ညနေပိုင်း ၄ နာရီ အချိန်တွင် စတင်၍ စခန်းသိမ်းတိုက်ပွဲ ဆင်နွှဲခဲ့ကြောင်း သခင်ဒေါင်းညို တပ်ဖွဲ့ ထံမှ သိရသည်။

အဆိုပါ တိုက်ပွဲသည် သုံးရက်မျှ ကြာမြင့်ခဲ့ပြီး စစ်ကောင်စီတပ်သား ခုနစ်ဦးသေဆုံးကာ ဒေသကာကွယ်ရေး ရဲဘော် နှစ်ဦးကျဆုံးခဲ့ကြောင်း သိရသည်။

ဇီးဖြူကုန်း ပျူရွာ ပတ်ပတ်လည်ကို လက်နက်ငယ်သမားတွေက ဝိုင်းထားပြီး နောက်ချန် လက်နက်ကြီးသမားတွေက ရန်သူ့ ကတုတ်ကျင်းနှင့် ဘန်ကာတွေ ရှိရာကို စတင်ပစ်ခတ် ဖြိုခွင်းခဲ့ပါတယ်။ ထို့နောက် လက်နက်ငယ်သမားတွေက ရွာထဲကို ဝင်ပစ်ခဲ့ကြတာ ဖြစ်တယ်” ဟု သခင်ဒေါင်းညို က ရှင်းပြသည်။

“ တိုက်ပွဲက သုံးရက်တာအတွင်း နေရော ညရောပါ ဖြစ်ပွားခဲ့တာပါ။ မိုးကလည်း ရွာနေတော့ ရာသီဥတုနဲ့ပါ တိုက်ခိုက်ခဲ့ရတာ ဖြစ်တယ်” ဟု သခင်ဒေါင်းညိုက ဆိုသည်။

အဆိုပါ ဇီးဖြူကုန်း ပျူစခန်းကို သိမ်းပိုက်နိုင်လု ဆဲဆဲတွင် စစ်ကောင်စီတပ်က လေကြောင်းသုံး၍ တိုက်လေယာဉ်ဖြင့် လာရောက် ဗုံးကြဲ တိုက်ခိုက်ခဲ့ခြင်းကြောင့် ပြန်လည် ဆုတ်ခွာခဲ့ရကြောင်း သိရသည်။

ထိုတိုက်ခိုက်မှုကို သခင်ဒေါင်းညို တပ်ဖွဲ့ ၊ ချင်းတွင်းတိုးနယား ၊ ဗျတ္တညီနောင် ၊ ယင်းမာပင်- ဆားလင်းကြီး တပ်ပေါင်းစုများ နှင့် ပုလဲဒေသခံ တပ်ဖွဲ့တို့ ပူးပေါင်း၍ တိုက်ခိုက်ခဲ့ကြောင်းသိရသည်။

ထိုတိုက်ပွဲတွင် ကျဆုံးသွားသည့် ရဲဘော်များ၏ စျာပန အခမ်းအနားကို ယမန်နေ့ နေ့လယ်ပိုင်းတွင် ပြုလုပ်ခဲ့ပြီး တစ်မိနစ်ခန့် ငြိမ်သက် အလေးပြု သေနတ်ပစ်ဖောက်ခဲ့ကြောင်း သိရသည်။

ပုလဲမြို့နယ် ဇီးဖြူကုန်း ပျူရွာသည် ပျူနှင့် စစ်သား အင်အား ၁၀၀ ခန့်ဖြင့် ပူးပေါင်းတပ်စွဲထားသည့် ကျေးရွာ တစ်ခုဖြစ်ပြီး နီးစပ်ရာ ကျေးရွာများထံမှ ငွေကြေး ပစ္စည်း နှင့် ရိက္ခာများ လုယက်မှုများ ပြုလုပ်နေသည့် ကျေးရွာ တစ်ခုဖြစ်ကြောင်း သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required