ရွှေကူမြို့ စီသာကျေးရွာကို စစ်ကောင်စီတပ်က မီးရှို့ပြီး တိုက်လေယာဉ်ဖြင့် သုံးကြိမ်ဗုံးကြဲ

ရွှေကူမြို့ စီသာကျေးရွာကို စစ်ကောင်စီတပ်က မီးရှို့ပြီး တိုက်လေယာဉ်ဖြင့် သုံးကြိမ်ဗုံးကြဲ

မဇ္ဈိမ။ ။ ကချင်ပြည်နယ်၊ရွှေကူမြို့နယ်မှာရှိသည့် စီသာကျေးရွာကို ယနေ့ဧပြီလ ၅ ရက်နေ့က စစ်ကောင်စီတပ်က မီရှို့ပြီး တိုက်လေယာဉ်ဖြင့် သုံးကြိမ်ဗုံးကြဲခဲ့ကြောင်း ရွှေကူKPDF က သတင်းထုတ်ပြန်သည်။

ဧပြီလ ၅ ရက်နေ့၊နေ့လည် ၁၂ နာရီအချိန်ခန့်ကစပြီး တပ်မ (၈၈) လက်အောက်ခံ ခလရ (၁၀)၊ ခလရ (၇၇)၊ ခလရ (၈၈) နှင့် ထပ်မံဖြည့်တင်းထားသည့် စစ်ကြောင်းများမှ စီသာကျေးရွာသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် လူနေအိမ်ခြေများ မီးလောင်ပျက်စီးခဲ့ပြီး တိုက်လေယာဉ်များဖြင့် ထပ်မံ၍ သုံးကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် လူနေအိမ်များစွာ မီးလောင်ပျက်စီးဆုံးရှုံးခဲ့သည်ဟု ရွှေကူ KPDF ကဆိုသည်။

နေ့လယ်ထဲက စီမူလေး၊ စီသာ၊ မံနား၊ မံဝိန်းစတဲ့ရွာတွေဘက်ကို တိုက်လေယာဉ်တွေပျံတက်ပြီး ကြဲချနေတဲ့အသံတွေ ကြားတယ်ဟု ရွှေကူမြို့ခံတစ်ဦးက ပြောသည်။

တပ်မ (၈၈) လက်အောက်ခံ ခလရ ၁၀၊ ခလရ ၇၇၊ ခလရ ၈၈တပ်များဖြင့်ယနေ့ညနေပိုင်းအထိ ထိတွေ့တိုက်တွေများဖြစ်ပွားနေပြီး တော်လှန်ရေးအင်အားစုများအနေဖြင့်လည်း ပိုမိုကြိုးစား၍ ခုခံတော်လှန်နေဆဲဖြစ်ကြောင်း ရွှေကူ KPDF က သတင်းထုတ်ပြန်သည်။

မတ်လ ၃၀ ရက်နေ့တွင်လည်း ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်၊ မံဝိန်းကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းဖြင့်တိုက်ခိုက်ခဲ့ခြင်းကြောင့် နေအိမ် နှစ်လုံးမီးလောင်ပျက်စီးခဲ့ပြီး ကျန်ရှိသည့်နေအိမ်များအား စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဆက်လက်မီးရှို့ရာ နေအိမ် ၁၀၀ ထက်မနည်း မီးလောင်ပျက်စီးခဲ့ကြောင်း Shwegu KPDF က မတ်လ ၃၁ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

ရွှေကူမြို့နယ်ကို မတ်လ ၂၃ ရက်နေ့မှစတင်ကာ ရွှေကူမြို့နယ် အရှေ့ဘက်ခြမ်းရှိ မံဝိန်း၊ ငှက်တံတား၊ ဝင်ဝ၊ စီသောင်၊ စီမူလေး စသည့်ကျေးရွာများအား စစ်ကောင်စီတပ်မ (၇၇) ၊ တပ်မ (၁၀) ပူးပေါင်းတပ်တို့က စစ်ကြောင်းထိုး ဝင်ရောက်ခဲ့တာကြောင့် ဒေသခံကာကွယ်ရေးတပ်တွေနှင့် ထိတွေ့တိုက်ပွဲများ ယနေ့အထိဖြစ်ပွားနေပြီး ကျေးရွာနေ ပြည်သူများသည် ရွှေကူမြို့ပေါ်သို့ ထွက်ပြေးတိမ်းရှောင်နေကြကြောင်း သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required