ဂန့်ဂေါမြို့နယ် ကန်နယ်မြေ ရဲစခန်းကို ကာကွယ်ရေးတပ်ဖွဲ့များ ပူးပေါင်းတိုက်ခိုက် စစ်ကောင်စီတပ်လေကြောင်းမှ ပြန်လည်တိုက်ခိုက်

By ပါခွီး (မဇ္စျိမ)
31 March 2023
ဂန့်ဂေါမြို့နယ် ကန်နယ်မြေ ရဲစခန်းကို ကာကွယ်ရေးတပ်ဖွဲ့များ ပူးပေါင်းတိုက်ခိုက် စစ်ကောင်စီတပ်လေကြောင်းမှ ပြန်လည်တိုက်ခိုက်

မကွေးတိုင်း ၊ ဂန့်ဂေါ်မြို့နယ် ၊ ကန်နယ်မြေရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ဂန့်ဂေါ) ခရိုင်တပ်ရင်းများမှ ပူးပေါင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဘက်မှ အထိနာ၍ လေကြောင်းပစ်ကူများခေါ်ပြီး ပြန်လည် တိုက်ခိုက်ခဲ့ကြောင်းသိရသည်။ 

မတ်လ ၃၁ရက် ယနေ့နံနက် ၆နာရီမှ စတင်ပြီး ၉နာရီ ၄၅မိနစ်အချိန်အထိ ရဲစခန်း အနီးသို့ ကာကွယ်ရေးပူးပေါင်းအဖွဲ့မှ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ် အထိနာပြီး တိုက်ခိုက်ရေးရဟတ်ယာဉ်နှင့် တိုက်လေယာဉ်များဖြင့် ပြန်လည်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ 

“တိုက်လေယာဉ်နဲ့ လေးကြိမ်လာတယ် ၊ ဗုံးနှစ်ကြိမ်ချတယ် မစ်ဇိုင်းလေးလုံးပစ်တယ်၊ Mi 35 က ခြောက်ခေါက်လာပစ်တယ်” ဟု တိုက်ပွဲအနီးရှိ ကာကွယ်ရေးတပ်ဖွဲ့ ဝင်တစ်ဦးမှ မဇ္စျိမ ကိုပြောသည်။ 

မွန်းလွဲ ၂နာရီဝန်းကျင်က ဆက်သွယ်မေးမြန်းချိန်တွင် ကောင်ကင်တွင်ပျံဝဲနေသည့် တိုက်လေယာဉ်အသံများကြားခဲ့ရသည်။ 

ယင်းတိုက်လေယာဉ်နှင့် ရဟတ်ယာဉ်များမှာ ကလေးမြို့နှင့် အနောက် မြောက်တိုင်း စစ်ဌာချုပ်မှ လာရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ 

အဆိုပါတိုက်ပွဲကို ဂန့်ဂေါခရိုင်တပ်ရင်းများမှ ပူးပေါင်း၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ရဲဘော်နှစ်ဦးမစိုးရိမ်ရ ဒဏ်ရာရရှိထားပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ သေဆုံး ထိခိုက်မှုကို သိရှိနိုင်ခြင်းမရှိသေးကြောင်းဆိုသည်။ 

စစ်ကောင်စီတပ်လေကြောင်းမှ ပစ်ခတ်မှုကြောင့် ရဲစခန်းအနီး လူနေအိမ်အချို့ မီးလောင်ပျက်စီးခဲ့ပြီး အသေးစိတ်ကို သိရှိနိုင်ခြင်းမရှိကြောင်း အဆိုပါ ကာကွယ်ရေး တပ်ဖွဲ့ဝင်မှဆက်ပြောဆိုသည်။ 

မွန်းလွဲ ၃နာရီ ၂၀မိနစ်အချိန် တွင် အဆိုပါရဲစခန်းကို ဝိုင်းဝန်းတိုက်ခိုက်နေသည့် ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ဆုတ်ခွာခဲ့ပြီဖြစ်ကြောင်း မြေပြင်ရှိ ကာကွယ်ရေးရဲဘော်က ပြောကြားခဲ့သည်။ 

ကန်နယ်မြေရဲစခန်းသည် ဂန်ဂေါမြောက်ဖက် ၂၃မိုင်အကွာတွင် တည်ရှိပြီး စစ်ကောင်စီတပ်ဖွဲ့ အင်အား ၇၀ခန့်ဖြင့် တပ်စွဲထားခြင်းဖြစ်ကြောင်း သိရှိရသည်။ 

စာတည်း - သန့်ဇော်(သန်လျင်) 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required