ပုလဲမြို့နယ် နှောကန် ကျေးရွာရှိ နေအိမ် ၁၃၀ ခန့်ကို စစ်ကောင်စီတပ်ကမီးရှို့ ၊ အဘွားအို မီးလောင်သေဆုံး

By လွှမ်းမိုး (မဇ္ဈိမ)
04 April 2023
ပုလဲမြို့နယ် နှောကန် ကျေးရွာရှိ နေအိမ် ၁၃၀ ခန့်ကို စစ်ကောင်စီတပ်ကမီးရှို့ ၊ အဘွားအို မီးလောင်သေဆုံး

စစ်ကိုင်းတိုင်း ၊ ပုလဲမြို့နယ် ၊ အနောက်ခြမ်းတွင် စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်က နှောကန် ကျေးရွာကို ဧပြီလ ၃ ရက် နေ့လယ်ပိုင်း ၁ နာရီ အချိန်တွင် စတင်၍ ရွာကို မီးတင်ရှို့ခဲ့ကြောင်းဒေသခံများထံမှ သိရသည်။ 

အဆိုပါ မီးရှို့မှု ဖြစ်စဉ်တွင် အိမ်ခြေ ၃၀၀ ခန့် ရှိသည့် နှောကန် ကျေးရွာမှ နေအိမ် ၁၃၀ ကျော် မီးလောင်ပြကျ သွားကြောင်း ဒေသခံ တစ်ဦးက ဆိုသည်။

“ စစ်ကြောင်း ရွာက ထွက်သွားတော့ ရဲဘော်တွေက မိုင်းရှင်းတာတွေ လုပ်ပြီးတဲ့အချိန် ကျမတို့ ရွာကို ပြန်ရောက်ပါတယ်။ စစ်ရှောင်ပြီး အပြန် ရွာကို ပြန်ရောက်တော့ ကိုယ့် အိမ်က မရှိတော့ဘူး။ မီးစွဲထားတဲ့ သံဖိနပ်ခုံလေးတွေ ၊ ပြာပုံလေးတွေပဲ ရှိတော့တယ်။ ရွာပျက်ကြီး တစ်ခုလို ငိုသံတွေ ၊ ဆဲဆိုသံတွေနဲ့ ၊ ဝမ်းနည်းမျက်ရည်တွေ နဲ့ ပြည့်နေခဲ့တာပါ။ မီးလောင်အိမ်ခြေ ကတော့ ၁၃၀ ကျော် ရှိမယ်” ဟု လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံ တစ်ဦးက ဆိုသည်။

ထို့အပြင် စစ်ကောင်စီတပ်က နှောကန်ကျေးရွာကို မီးရှို့ရာ မှ အသက် ၈၀ အရွယ်တန်း အဘွားအို တစ်ဦး မီးလောင်သေဆုံးခဲ့ကြောင်း အခြားဒေသခံ တစ်ဦးက မဇ္စျိကို ပြောသည်။

ပုလဲမြို့နယ် တွင် စစ်ကောင်စီတပ် စစ်ကြောင်းကြောင့် ကျေးရွာ ခြောက်ရွာမှ ဒေသခံပြည်သူ ၇,၀၀၀ ခန့် စစ်ရှောင်နေရကြောင်း သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly