နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၄ ဇွန်  ၂၀၂၃)

နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၄ ဇွန်  ၂၀၂၃)

အမျိုးသားညီညွတ်ရေး အစိုးရ

•    စစ်ကိုင်းတိုင်း၊ မုံရွာခရိုင် ချောင်းဦးမြို့နယ် လဝကရုံးအနီးရှိ စစ်ကောင်စီတပ်ကို ယနေ့ (ဇွန် ၄ ) နံနက် ၇ နာရီ ၁၅ မိနစ်ဝန်းကျင်တွင် ချောင်းဦး PDF က လျှပ်တပြက် ဝင်ရောက်တိုက်ခိုက်ရာ လက်နက် ခဲယမ်းများ သိမ်းဆည်း ရမိခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ သတင်းဌာန PVTV တွင် ဖော်ပြထားသည်။

•    လွတ်မြောက်နယ်မြေတခုအတွင်းရှိ မိုခါ ဆိုင်ကလုန်း မုန်တိုင်းသင့် ပြည်သူများထံသို့ အမျိုးသားညီညွတ် ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလမှ သွားရောက်တွေ့ဆုံပြီး ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း NUG သမ္မတရုံးက ယမန်နေ့ (ဇွန် ၃) က ထုတ်ပြန်ထားသည်။

•    မိုခါမုန်တိုင်းမကျရောက်မီအချိန်ကစပြီး ဇွန် ၂ရက်နေ့အထိ မုန်တိုင်းသင့်ပြည်သူများအတွက် ကျပ်သန်း ၂၃၈.၇ သန်းကို ကူညီထောက်ပံ့ခဲ့ကြောင်း မြို့နယ်အလိုက်ထောက်ပံ့ထားမှု အခြေအနေကို မှတ်တမ်းဓါတ်ပုံ များနှင့် အတူ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

•    မေလအတွင်း အကြမ်းဖက်စစ်ကောင်စီက နေအိမ်၊ စာသင်ကျောင်းနှင့် ဆေးရုံ ၄၀၀၀ ကျော်ကို မီးရှို့ဖျက်ဆီး ပြီး အရပ်သား ပြည်သူ ၂၈ဦးကို မီးရှို့ သတ်ဖြတ်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေး နှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ မီးသတ်ဦးစီးဌာနမှ ထုတ်ပြန်ထားသည်။

•    အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီနှင့် ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ဧရာဝတီတိုင်းလွှတ်တော်ကိုယ်စားပြုကော်မတီများတွေ့ဆုံပွဲ အစည်းအဝေး (၅/၂၀၂၃)ကို ဇွန်လ ၃ရက် မနက် ၁၀နာရီမှာ ကျင်းပပြုလုပ်ခဲ့သည်။

•    ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်ထဲတွင် လက်နက်မဲ့ထွက်ပြေးလာသည့် အကြမ်းဖက်စစ်သား ၃ ဦးကို ဖမ်းဆီးထိန်းသိမ်းထားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ ကာကွယ်ရေး တပ်မတော် (PDF)၊ စစ်ရုံးချုပ်က ထုတ်ပြန်သည်။

•    စစ်ကိုင်းတိုင်းအတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တပ်ရင်းများကို အမျိုးသားညီညွတ်ရေး အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက မေလအတွင်းမှာ လက်နက်တပ်ဆင်ပေးခဲ့ကြောင်း အသိပေး ထုတ်ပြန်သည်။

•    အမေရိကန်နိုင်ငံ၊ အာရီဇိုးနားပြည်နယ် တက္ကသိုလ် ASU ၏ ဖိတ်ခေါ်မှုဖြင့် NUG အစိုးရ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဇော်ဝေစိုး ဆွေးနွေးပွဲ တက်ရောက်ခဲ့ကြောင်း သိရသည်။

တော်လှန်ရေး လှုပ်ရှားမှုများ

•    စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ ကန်သစ်ရွာအတွင်းသို့ ယနေ့ (ဇွန် ၄) နံနက်ပိုင်းက စစ်ကောင်စီတပ်မှ လက်နက် ကြီးဖြင့် ပစ်ခတ်ပြီး စစ်ကြောင်းထိုး ဝင်ရောက်နေသောကြောင့် ကန်သစ်၊ ဂွေးကုန်း၊ မြစ်တော်၊ ဂျပို့၊ ကံသာယာ အစရှိသည့် ကျေးရွာများမှ ဒေသခံ သုံးထောင်ကျော် ထပ်မံ ထွက်ပြေးနေရကြောင်း ဒေသခံများထံက သိရသည်။

•    စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် စစ်ဘေးရှောင်ရင်း အသက် ၆၆ နှစ်အရွယ် အဖွားအို ၁ ဦး အမောဖောက်ကာ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း ဒေသခံများကပြောသည်။

•    စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အနောက်ခြမ်းရှိ ဇီးဖြူကုန်း ပျူစောထီးရွာကို ဒေသကာကွယ်ရေး တပ်ဖွဲ့များက ဇွန်လ ၄ ရက်နေ့ နံနက်အစောပိုင်းတွင် လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ချင်းတွင်း တိုးနယား တပ်ဖွဲ့ထံမှ သိရသည်။

•    စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ဇီးဖြူကုန်းရွာမှ ကင်းလှည့်ရန် ထွက်လာသော ပျူစောထီးများ တိုက်မိုင်း မိပြီး ၂ ဦးသေဆုံးသွားကြောင်း Royal Eagle People Defense Forec – Pale Battailin – 1 မှ တာဝန် ရှိသူတစ်ဦးက ပြောသည်။

•    အမရစစ်သည်တော်များအဖွဲ့ (မန္တလေး) (AMY) အနေဖြင့် ၉ မမ SIG လက်လုပ် သေနတ်များ ထုတ်လုပ် အောင်မြင်ထားပြီး အခြား PDF အဖွဲ့များကိုလည်း ထောက်ပံ့ကူညီသွားမည်ဖြစ်ကြောင်း AMY ၏ တာဝန်ရှိသူတစ်ဦးက မဇ္ဈိမကို ပြောသည်၊။

•    စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ကို စစ်ကောင်စီတပ်သည် အင်အား ၁၅၀ ခန့်ဖြင့် စစ်ကြောင်းထိုးနေ၍ ညောင်ပင်ကြီး၊ အိုမ၊ ထန်းတော၊ ရွာရှည်၊ သိမ်တော်၊ နှင်းတော နှင့် ရွှေအင်းလေး စသည့်ကျေးရွာများမှ ဒေသခံ ဦးရေ သောင်းနှင့်ချီ၍ ရှောင်တိမ်းနေရကြောင်း ဆားလင်းကြီးမြို့အခြေစိုက် Hero Fighter တပ်ဖွဲ့ ခေါင်းဆောင် ဗိုလ်သူရိန်ကပြောသည်။

•    တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ မင်းထိန်ကျေးရွာ၌ ဇွန်လ ၁ ရက်နေ့က လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲခြင်းကြောင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေကြကြောင်း သိရသည်။

•    မြန်မာတွင် “အားလုံးပါဝင်သော နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှု” မလုပ်ဆောင်ဘဲ ရွေးကောက်ပွဲ စီစဉ်ကျင်း ပပါက အကြမ်းဖက်မှုများကို ပိုမိုဆိုးရွားစေမည့် အန္တရာယ်ရှိကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ မြန်မာဆိုင်ရာ အထူးကိုယ်စားလှယ် နိုလင်းဟေဇာက ဇွန်လ ၃ ရက်တွင် ပြောသည်။

•    ဖမ်းဆီးစစ်ဆေးနေစဉ် ထွက်ပြေးသည့် စစ်ကောင်စီလက်အောက်ခံ နယ်ထိန်းရဲတပ်ကြပ်အား ပစ်ခတ် ဖမ်းဆီးခဲ့ရာ သေဆုံးသွားကြောင်း ဟိုပင်အခြေစိုက် KPDF အဖွဲ့ထံမှ သိရသည်။

•    တောင်ကိုရီးယားနိုင်ငံ၊ ဒယ်ဂူးမြို့တွင် နွေဦးတော်လှန်ရေး ရန်ပုံငွေရရှိရေး ယနေ့ ဇွန်လ ၄ ရက်နေ့၌ ရှိခဲ့သည်နှင့် မပြီးသေးဘူး ငါတို့အလှည့် ကျန်သေးတယ် ရုပ်ရှင်တို့ ပြသခဲ့ကြောင်း သိရသည်။

•    ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်၊ ဝိုင်းရဲကင်းစခန်း အနီးတွင် ပျူစောထီး စိုးမြင့် ကို ပစ်ခတ် တိုက်ခိုက်ရာ သေဆုံး ခဲ့ကြောင်း PDF တပ်ရင်း ၃၈၀၁ တပ်ခွဲ ၅ ကြို့ပင်ကောက် HERO ပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောသည်။

•    အမေရိကန်နိုင်ငံ ဆန်ဖရန်စစ္စကိုမြို့တွင် ဇွန်လ ၃ ရက်နေ့က ဒါရိုက်တာ ကိုပေါက် ရိုက်ကူးထားသည့် ရောင်နီလာရာလမ်း ရုပ်ရှင် ပြသခဲ့ကြောင်း သိရသည်။

•    မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်ရှိ လက်နက်ပစ္စည်းထုတ်စက်ရုံ ကပစ ၂၁ ၊ ကပစ ၂၂ ၊ တပ်ရင်းအမှတ် ၂၀၃၆ တို့ကို ရှော့တိုက်ဒုံး၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦး သေဆုံးကြောင်း သိရသည်။

•    ရန်ကုန်တွင် North Dagon Oppressed People's Strike Colition မှ ဦးဆောင်ကာ ဇွန်လ ၃ ရက်နေ့က ''ဖုန်မစုပ်နဲ့ ဖင်စုတ်သွားမယ် ငိုးမ စစ်တပ်'' စာတန်း ချိတ်ဆွဲပြီး တာယာများကို မီးရှို့ကာ စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

•    ဧရာဝတီတိုင်း၊ မြန်အောင်မြို့နယ်တွင် ပြီးခဲ့သည့် ဇွန်လ ၂ ရက်၌ စစ်ကောင်စီတပ်နှင့် ရဲများက PDF စခန်းရှိ လက်နက်နှင့် ပစ္စည်းများကို သိမ်းဆည်းပြီး စခန်းကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံများထံက သိရသည်။

တိုင်းရင်းသား လက်နက်ကိုင်များ

•    အာဏာသိမ်း စစ်ကောင်စီတပ်နှင့် မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ် တပ်မတော် ကိုးကန့် (MNDAA) တို့ကြား ဇွန်လ ၂ ရက်နေ့နံနက်ပိုင်းမှ စတင်ကာ ယနေ့ (ဇွန် ၄ )အထိ ၃ ရက်ဆက်တိုက် တိုက်ပွဲဖြစ်ပွားနေကြောင်း MNDAA က သတင်းထုတပြန်သည်။

•    ချင်းပြည်နယ်ရှိ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၃ ဦးသည် မေလအတွင်းက လက်နက်နှင့်အတူ PDF-Zoland ထံသို့ ခိုလှုံခဲ့ကြောင်း ယမန်နေ့က ထုတ်ပြန်ထားသည်။

 

စစ်ကောင်စီ

•    မြန်မာနိုင်ငံတွင် ပြည်သူလူထုအနေဖြင့် သတင်းအမှားများကို ယုံကြည်သက်ဝင်နေပြီး မီဒီယာများကြောင့် နိုင်ငံ၏ အခြေအနေမှာ တည်ငြိမ်မှု ရရန် ခက်ခဲနေကြောင်း စစ်ကောင်စီ၏ ပြန်ကြားရေး ဝန်ကြီး မောင်မောင်အုန်းပြောဆိုလိုက်သည်။

•    ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ယူမာကျေးရွာအနီးတွင် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)နှင့် စစ်ကောင်စီတပ်တို့ကြားတိုက်ပွဲဖြစ်ပွားခဲ့ရာ KIA သုံးဦးသေဆုံးပြီး လက်နက်ခဲယမ်းများသိမ်း ဆည်းရမိခဲ့ကြောင်း စစ်ကောင်စီ ဝါဒဖြန့် ချန်နယ်များတွင် ပျံ့နှံ့နေသည်။ 

•    ပင်လယ်ရေကြောင်းမှဖြစ်စေ၊နယ်စပ်မှဖြစ်စေ ပြည်ပကနေ တင်သွင်းသည့် သွင်းကုန်ပစ္စည်းများအတွက် လိုင်စင်ရရှိပြီး ငွေပေးချေရာတွင် ပြည်တွင်းဘဏ်များမှဖြစ်စေ ၊ ပို့ကုန်ရငွေမှဖြစ်စေ ဝယ်ယူကာ ဘဏ်ငွေလွှဲပြောင်းပေးခြင်းစနစ်ဖြင့်သာ ပေးချေခွင့်ပြုတော့မည်ဟု စစ်ကောင်စီဗဟိုဘဏ်က ထုတ်ပြန်ထားသည်။

•    မြန်မာနိုင်ငံတွင်း ပြီးခဲ့သည့် နှစ်က ဖြစ်ပွားမှုအများဆုံးဖြစ်ပြီး သေဆုံးသူများပါရှိခဲ့သော သွေးလွန်တုပ်ကွေး ရောဂါကို ကွင်းဆက်ဖြတ်ကာ ဖြစ်ပွားတာလျော့ချရန် ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းများအနေဖြင် ရောဂါ ဖြစ်ပွား သူတွေ့တိုင်း ကျန်းမာရေးဌာနကို သတင်းပေးအကြောင်းကြားရန် စစ်ကောင်စီမှ နှိုးဆော်ထားသည်။

 

ဇွန် ၄ ရက် သုံးသပ်ချက်

•    မင်းအောင်လှိုင်ဦးဆောင်သည့် စစ်တပ်သည် ရိုဟင်ဂျာနှင့် တိုင်းရင်းသားများအပေါ် လူမျိုးတုန်း သတ်ဖြတ်မှုကျူးလွန်သည်များကိုလည် ဗြောင်လိမ်ညာခဲ့သည်။ ယခု အာဏာသိမ်းမှုကို ဆန့် ကျင် တော်လှန်သူများကို ရက်ရက်စက်စက်သတ်ဖြတ် လူ့အခွင့်အရေးချိုးဖောက်မှုများကို ရုပ်သံ ဖိုင်များ လူမှုကွန်ရက်တွင် မြင်တွေ့နေရသည့် ကြားမှပင် စစ်တပ်က ဗြောင်လိမ်ညာကာ တန်ပြန် သတင်းအမှားဖြန့်ခဲ့ သလို ရေးသားသည့် သတင်းထောက်များကိုလည်း သတ်ဖြတ်ခြင်း ထောင်ချခြင်းများပြုလုပ်ခဲ့သည်။ သတင်းမီဒီယာနှင့် သတင်းသမားများကို မတရားဖိနှိပ် ဖမ်းဆီး နေပြီးသတင်းအမှားကို အုပ်စုလိုက်ဖြန့်ချိနေသည့် စစ်ကောင်စီမှ ၎င်းတို့ကိုအနိုင်ကျင့်သည်ဟု ပြောဆိုနေခြင်းသည် အလိမ်အညာတစ်ခုမပိုကြောင်း ဆိုရမည်ဖြစ်သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly