အဝန်းကြီးရွာတွင် လက်နက်ကြီးထိမှန်၍ သံဃာ ၃ ပါး အပါအဝင် ၅ ဦးထိခိုက်ဒဏ်ရာရ

By YT  ( မဇ္ဈိမ)
30 May 2023
အဝန်းကြီးရွာတွင် လက်နက်ကြီးထိမှန်၍ သံဃာ ၃ ပါး အပါအဝင် ၅ ဦးထိခိုက်ဒဏ်ရာရ

ကရင်အမျိုးသားအစည်းအရုံး (KNU)၊ တပ်မဟာ (၁) နယ်မြေ၊ သထုံခရိုင်၊ ဘီးလင်းမြို့နယ်၊ ရွှေရောင်ပြကျေးရွာအုပ်စု၊ အဝန်းကြီးကျေးရွာအတွင်း စစ်ကောင်စီတပ်က ပစ်ခတ်သော လက်နက်ကြီးကျရောက်ပေါက်ကွဲ၍ သံဃာတစ်ပါး၊ ကိုရင်နှစ်ပါးနှင့် ဒေသခံနှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဒေသတွင်း သတင်းအရင်းအမြစ်ထံက သိရသည်။

ပြီးခဲ့သည့် မေလ ၂၇ ရက်နေ့၊ နံနက် ၉ နာရီ ၂၅ မိနစ်အချိန်တွင် သထုံမြို့နယ်၊ ဇီးဝန်းအခြေစိုက် စစ်ကောင်စီအမြှောက်တပ် အမတ(၃၁၄) မှ လက်နက်ကြီးကျည် ၁၀ လုံးထက်မနည်းအား  ဘီးလင်းမြို့နယ်၊ ရွှေရောင်ပြကျေးရွာအုပ်စု၊ အဝန်းကြီးကျေးရွာဘက်သို့ ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။ 

စစ်ကောင်စီတပ်မှ ပစ်ခတ်ခဲ့သော လက်နက်ကြီးများအနက် ၈၁ မမ လက်နက်ကြီးအမျိုးအစား နှစ်လုံးသည် အဝန်းကြီးကျေးရွာရှိ အဝန်းကြီးဘုန်းကြီးကျောင်းအတွင်း ကျရောက်ပေါက်ကွဲခဲ့၍ ဘုန်းကြီးကျောင်းမှ ကျောင်းနေသံဃာတစ်ပါး၊ ကိုရင်နှစ်ပါးနှင့် ဒေသခံနှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ကာ ဘုန်းကြီးကျောင်းအဆောက်အဦအချို့ ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

" ဖြစ်တာတာ ရွှေရောင်ပြကျေးရွာအုပ်စု၊ အဝန်းကြီးကျေးရွာမှာ အမှတ် (၃၁၄) ဇီးဝန်း က လှမ်းထုတာ။ သံဃာတစ်ပါး၊ ကိုရင်နှစ်ပါး ဒဏ်ရာရရှိပြီး နွားကျောင်သား တစ်ဦး၊ ရွာသားတစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်" ဟု ဒေသတွင်း သတင်းအရင်းအမြစ်တစ်ဦးက မဇ္ဈိမကိုပြောသည်။  

အဝန်းကြီးကျေးရွာဘုန်းကြီးကျောင်းအတွင်း မေလ ၂၇ ရက်နေ့က ဘုန်းကြီးကျောင်းအဆောက်အဦပြုပြင်နေခြင်းရှိပြီး ထိုပြုပြင်ဆောက်လုပ်ရာ နေရာအနီးသို့ ကျရောက်ပေါက်ကွဲခဲ့၍ ယခုကဲ့သို့ သံဃာများအပါအဝင် ဒေသခံထိခိုက်ဒဏ်ရာရမှု များခဲ့ကြောင်း ဒေသခံတစ်ဦးထံက သိရသည်။

ထိုပစ်ခတ်မှုမတိုင်ခင် မေလ ၂၇ ရက်နေ့၊ နံနက် ၈ နာရီဝန်းကျင်က ဘီးလင်းမြို့နယ်၊ ဒေါင်းရွာအနီးရှိ စစ်ကောင်စီတပ်သားများ လုံခြုံရေးယူထားရာ နေရာသို့ တော်လှန်ရေးအင်အားစုများက ဒရုန်းဖြင့် ဗုံးသီးပစ်ချတိုက်ခိုက်ခဲ့ခြင်းရှိပြီး ဒရုန်းဖြင့် ပစ်ချခဲ့သော ထိုဗုံးသီးများအနက် တစ်လုံးသည် ပစ်မှတ်လွဲခဲ့၍ ဒေါင်းရွာမှ စောဘခက်​၏ ခြံအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး ဒေသခံဆယ်ကျော်သက်လူငယ်နှစ်ဦး သေဆုံးခဲ့ကြာင်း သိရသည်။

သထုံမြို့နယ်၊ ဇီးဝန်းအခြေစိုက် စစ်ကောင်စီအမြှောက်တပ် အမတ(၃၁၄) မှ စစ်ကောင်စီတပ်သားများသည် ရွှေရောင်ပြကျေးရွာအုပ်စုရှိ ကျေးရွာများအတွင်း မကြာခဏ လက်နက်ကြီးများဖြင့် ပစ်ခတ်လေ့ရှိပြီး ထိုလက်နက်ကြီးများကြောင့် ဒေသခံသေဆုံးမှု၊ ထိခိုက်ဒဏ်ရာရမှုများသည် ယခင်ကလည်း ရှိခဲ့ကြောင်း ဒေသခံတစ်ဦးထံကသိရသည်။ 

" ခဏခဏကိုပစ်တာ။ ဒီဘက်ကသွားချလည်း ပစ်တယ်။ သွားမချဘဲ ငြိမ်နေလည်းပစ်တယ်။ အရင်လတုန်းက ကောင်လေးတစ်ယောက် သေသွားသေးတယ် ဇီးဝန်းကပစ်တာ" ဟု ဒေသခံတစ်ဦးက ဆိုသည်။

ပြီးခဲ့သည့် မတ်လ ၁၈ ရက်နေ့က ဇီးဝန်းအခြေစိုက် အမတ(၃၁၄ )မှ ပစ်ခတ်သော လက်နက်ကြီးကျည်ထိမှန်၍ အဝန်းကြီးကျေးရွာအပြင်ဘက်ရှိ အင်းတွင် ငါးပက်နေသော အသက်ခြောက်နှစ်အရွယ် ကလေးငယ် စောဖိုးသင်္ကြန်၏ ဦးခေါင်းထိမှန် ဒဏ်ရာဖြင့် နေရာ၌ပင် သေဆုံးခဲ့ရကြောင်း သိရသည်။

ထို့အပြင် မတ်လ ၂၉ ရက်နေ့ကလည်း အမတ(၃၁၄) မှ ပစ်ခတ်သော လက်နက်ကြီးကျည်ကြောင့် ရွှေရောင်ပြကျေးရွာအုပ်စု၊တောင်ကလေးကျေးရွာမှ အသက် ၈၀ အရွယ်ရှိ အဘွားတစ်ဦးအပါအဝင် ဒေသခံသုံးဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required