ကနီမြို့နယ် ရေဝါချောင်း တိုက်ပွဲ (ဆောင်းပါး)

By လွှမ်းမိုး (မဇ္ဈိမ)
30 May 2023
ကနီမြို့နယ် ရေဝါချောင်း တိုက်ပွဲ (ဆောင်းပါး)

ရေဝါချောင်းသည် ဒေသကာကွယ်ရေး တပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်တို့ကြား စည်းတစ်ခုဖြစ်သည်။ ထိုချောင်း၏ တစ်ဖက်ကမ်း(မြောက်)တွင် စစ်ကောင်စီတပ်သားများ တပ်စွဲနေထိုင်ရာ ကနီမြို့ တည်ရှိပြီး ၊ အခြားတစ်ဖက်ကမ်း (တောင်) တွင် ဒေသကာကွယ်ရေးတပ်ဖွဲ့ (PDF) များ စိုးမိုးနယ်မြေဖြစ်သည်။ ထိုချောင်းသည် အနောက် မဟူတောင်တန်းတွေ မှ အဖျားခံကာ ချင်းတွင်းမြစ်သို့ စီးဝင်သည်။ ချောင်းကို ကူးဖြတ်လာသည် နှင့် စစ်ကောင်စီတပ်အဖို့ တိုက်ပွဲဖြင့် ရင်ဆိုင်ရလေသည်။

တိုက်ပွဲ ဖြစ်ပွားရာ ရေဝါချောင်းသည် ကနီမြို့နှင့် အလယ်ကျွန်းကျေးရွာ ကြားတွင်ရှိပြီး ၊တစ်မိုင်ခန့် အကျယ်ရှိသည့် ချောင်းတစ်ခု ဖြစ်ပါသည်။ ချောင်းအတွင်းတွင် လူတစ်ရပ်မျှရှိသည့်ကိုင်းပင်များမှအပ ကျန်နေရာသည် သဲသောင်ပြင်ကြီး ဖြစ်သည်။ ရန်သူ စစ်ကောင်စီတပ်သားများသည် ကျည်ကွယ်မရှိ ချောင်းအတွင်းပေါက်နေသည့် ကိုင်းပင်များကို မျက်ကွယ် အဖြင့် အသုံးပြု၍ ချောင်းကို ဖြတ်ကာ စစ်ကြောင်းချီလာခြင်း ဖြစ်သည်။

စစ်ကောင်စီတပ်အဖို့ စစ်ကြောင်းဖြင့် ထွက်ခွာလာရသည့် မစ်ရှင်မှာ ရိက္ခာ ပြတ်နေသည့် အလယ်ကျွန်း (ရေလယ်ကျွန်း) ပျူ စခန်းကို ထောက်ပို့ အဖြစ်ထွက်လာခြင်း ဖြစ်သည်။

အလယ်ကျွန်းခေါ် ( ရေလယ်ကျွန်း) ကျေးရွာသည် ကနီမြို့နယ်အတွင်း၌ စစ်ကောင်စီတပ်နှင့် ပူးပေါင်းသည့် အရပ်သားလက်နက်ကိုင်( ပျူစောထီး) များ နေထိုင်သည့် တစ်ခုတည်းသော ကျေးရွာ ဖြစ်သည်။ ထိုကျေးရွာသည် ကနီမြို့ တောင်ဘက် ရေဝါချောင်း တစ်ဖက်ကမ်းတွင်ရှိပြီး ကနီမြို့ အထိုင်တပ်၏ ရှေ့တန်းစခန်းမျိုး ဖြစ်နေသည့် ကျေးရွာတစ်ခု ဖြစ်ကြောင်း စစ်ရေးအမြင်ရှိသည့် ရဲဘော် တစ်ချို့က ဆိုသည်။ အလယ်ကျွန်းကျေးရွာရှိ ပျူစောထီးများကို စစ်ကောင်စီတပ်က စစ်သင်တန်းများ ပို့ချကာ လက်နက် တစ်ချို့ တပ်ဆင်ပေးထားပြီး စစ်သား ၁၀ ဦးခန့်က ရွာကို ဦးဆောင်နေခြင်း ဖြစ်သည်။

လေ့ကျင့်ရင်း တိုက် ၊ တိုက်ရင်းလေ့ကျင့်နေသည့် ကျောက်လုံးကြီး ပြည်သူ့ကာကွယ်ရေးတပ်မှ ရဲဘော်များ နှင့် ကျနော် ခင်မင်းရင်းနှီးပါသည်။ ထိုရဲဘော်များထဲမှ အသားညိုညို ဂွင်ဂွ ကောင်းကောင်း ဖြင့် ရဲဘော် တစ်ဦးက မနက်ဖြန် တိုက်ပွဲ ရှိကြောင်း နှင့် သတင်း ယူလိုပါက အတူလိုက်ခဲ့ ရန်ခေါ်သည်။

ကျွန်တော် အဖို့ တိုက်ပွဲအတွင်း သတင်းယူသည့် အတွေ့အကြုံများ ရှိသော်လည်း ရှေ့တန်းသို့ သွားရသည့်အခါ ရင်ခုန် စိတ်လှုပ်ရှားမှုမျိုး ကြုံရသည်။ ညှပ်ဖိနပ်ကလေးဖြင့် ပြောင်းရိုးငုတ် ၊ ပဲစင်းငုံငုတ်များ မထိုးမိအောင် ရှောင်၍ နင်းရသည်။ ရှိုးဝါး ဖိနပ်ကလေးအတွင်း စူးဝင်နေသည့် ဆူးများကြောင့် တစ်ချက်တစ်ချက် မြိုးကနဲ ၊ မြက်ကနဲဖြင့် ကြဥ်ထုံသွားသည်။ ခြုံ တောတွေကို ဖြတ်၍ သွားရသည့်အတွက် လက်၊ ခြေသလုံးတို့တွင် ဆူးခြစ်အရာ အစင်းကြောင်းများဖြင့် ရှုပ်ယှက်ခတ်နေသည်။ ရှေ့ပွိုင်ရောက်ဖို့ မီတာ ၄၀၀ ခန့် အကွာတွင် ကိုယ်ကိုကိုင်း၍ ပြေးသွားရသည်မှာ  လေ့ကျင်ရေး (training) မရှိသည့် ကျနော်အတွက် အခက်အခဲရှိနေသည်။

ပြည်သူ့ကာကွယ်ရေး ရဲဘော်များသည် တူညီဝတ်စုံ ယူနီဖောင်းများဖြင့် မဟုတ် ။တစ်ချို့ ရဲဘော်များက ဂျင်းဘောင်းဘီရှည် ၊ တစ်ချို့ရဲဘော်များ က ဘောင်းဘီတို ၊ တက်ထရွန်ကွက် အင်္ကျီဖြင့် ကွမ်းယာကို ပါးစောင်တွင်း ဖောင်းနေအောင်ငုံကာ ရန်သူ့ အခြေအနေကို အကဲခတ်နေကြသည်။

အဆိုပါ ချောင်း၏ တစ်ဖက်ကမ်း တောင်ဘက် အလယ်ကျွန်းကျေးရွာ ထွက်ပေါက်တွင် မိုင်းကွင်းဖော်၍ ရွာ၏ အရှေ့ဘက်နှင့် အနောက်ဘက်တွင် ဒေသကာကွယ်ရေး တပ်ဖွဲ့များက အသီးသီး ပွိုင့်ထိုး၍ နေရာယူနေခြင်း ဖြစ်သည်။

ကျနော့်ရှေ့တွင် ကျောက်တုံးများဖြင့် စီရီပြုလုပ်ထားသည့် ရေကာတာ တစ်ခုရှိသည်။ ယင်းသည် အရှေ့နောက် ချောင်းကို မြောင်၍ တည်ဆောက်ထားခြင်း ဖြစ်ပြီး ၊ ထိုအရာကို အကာအကွယ်ယူကာ PDF တို့က မြင်းခံစစ်ပုံစံဖြင့် နေရာယူထားကြသည်။ ဘယ်ဘက်အခြမ်းတွင်မူ ယာခင်းစည်းရိုးကြီး တစ်ခုဖြစ်သည်။ စည်းရိုးအတွင်း တောကြွက်များက လှစ်ခနဲ လှစ်ခနဲ အင်ရွက် ခြောက်များကို နင်းကာ ဖြတ်ပြေးသွားနေသည်ကို တွေ့ရသည်။ ထိုစဉ် စစ်ဖက် ဆက်သွယ်ရေးသုံး တရုတ်ထုတ် အိုင်ကွန် အဟောင်းလေး ထံမှ စကားပြောသံတွေ ထွက်လာသည်ကို ကျနော် သတိပြုမိသည်။ ထိုစက်ကိရိယာလေးသည် တိုက်ပွဲပေါင်း မည်မျှ ဖြတ်သန်းခဲ့သည်မသ်ိ အိုးမင်း ဟောင်းနွမ်းနေလေပြီ။

ကနီမြို့မှ အလယ်ကျွန်းကျေးရွာကို ရိက္ခာထောက်ပို့အဖြစ် ထွက်လာသည့် စစ်ကောင်စီ တပ်သားများသည် ရေဝါချောင်းကို ကူးဖြတ်လာကာ မိုင်ကွင်းတည်ရှိရာ လမ်းကြောင်းကို ရှောင်၍ အလယ်ကျွန်း ရွာ၏ အရှေ့ဘက်တွင် အသင့်နေရာ ယူထားသည့် ဒေသကာကွယ်ရေး ရဲဘော်များ ရှိရာသ်ို့ ဦးတည်၍ လာနေခြင်း ဖြစ်သည်။

ဒေသကာကွယ်ရေး တပ်ဖွဲ့ (PDF) များမှ ရန်သူ စစ်ကောင်စီတပ်ဖွဲ့ နှင့် ယှဉ်ပါက လက်နက်အင်အား ၊ ကျည်အင်အား ပို၍ နည်းပါးသည်။ သို့သော် PDF တို့က နယ်မြေကျွမ်းကျင်မှု နှင့် စိတ်အား ထက်သန်မှုကို အခြေခံကာ ရန်သူ့လက်နက် ကိုယ့်လက်နက်ဖြစ်ရေး ကြိုးပမ်း အားထုတ်နေကြသည်ကို တွေ့ရသည်။

“ ဒါကတော့ MA-2 (စက်ကလေး) ၊ ဒီကောင်က ရေကြောင်းတိုက်ပွဲကနေ ရလာတာပါ။ Fire Power ကောင်းတော့ ကာပစ်ပေးလို့ ရသလို ရန်သူကိုလည်း ကောင်းကောင်း ခြိမ်းခြောက်နိုင်တယ်” ဟု သံချေးတက်နေသည့် သေနတ်ကို ထောင်ပြကာ အသားညိုညို ဂတုံးမွှေးပေါက်ကေ နှင့် ရဲဘော် မုန်တိုင်းက ပြုံး၍ ပြောသည်။

ရဲဘော် မုန်တိုင်းသည် စစ်တပ်အာဏာမသိမ်းခင် ယခင်က အင်တိုင်းတော ကျေးရွာကလေးတွင် ကြီးပြင်းခဲ့ပြီး ရှစ်တန်းအောင်ပြီးနောက် ကျောင်းထွက်ကာ မိဘများနှင့်အတူ တောင်ယာလုပ်ကိုင်နေသူ တစ်ဦး ဖြစ်သည်။ ယခု တိုက်ပွဲတွင် ရှေ့တန်းက ရှိနေသည့် မုန်တိုင်းအတွက် ယခင်က ဖြတ်သန်းခဲ့မှုများသည် အိပ်မက်ပမာ ကျန်ရှိနေခဲ့လေသည်။

ထိုစဉ် ကွန်မန်ဒါ ဟု ယူဆရသူက တိုးတိုးတိတ်တိတ်နေရန် အချက်ပြပြီး စစ်ကောင်စီတပ်သားတွေ နီးကပ်နေပြီ ဆိုတဲ့အကြောင်း သတိပေးသည်။ ရဲဘော်များလည်း ကိုယ့်သေနတ်ကို သေချာပြန်လည် စစ်ဆေးပြီး အသင့်အနေအထား နေရာယူကြသည်။

ရန်သူ့တပ်နှင့် မီတာ ၁၀၀ကျော်ခန့် အကွာတွင် ရဲဘော်များ ဘက်မှ အဆက်မပြတ် စတင်ပစ်ခတ်လေသည်။ ထိုခဏ အတွင်း ယမ်းနံ့များနှင့်အတူ သေနတ်သံများ ဆူညံ၍ သွားသည်။ အလစ်အငိုက် ချုံခိုတိုက်ခိုက်ခံလိုက်ရသည့် စစ်သားများမှာ ဝရုန်းသုန်းကားဖြင့် က််ိုင်းတောများအတွင်း တိုးလျှို၍ ဝပ်နေကြသည်။ ထို့နောက် ရန်သူ့ တပ်များဘက်မှ ပြန်လည်ပစ်ခတ်မှုများ ဆက်တိုက် ပြုလုပ်လာကြသည်။ ကျနော် နားထဲတွင် (တစ်ရွှီ..ရွှီ ) ဖြင့် ကျည်ဖြတ်သံများ အတိုင်းသား ကြားရသည်။ 

ရဲဘော်များ နှင့် ထိတွေ့ တိုက်ပွဲ ဖြစ်နေစဉ်အတွင်း နောက်ချန်တပ်အဖြစ် ရှိနေခဲ့သည့် ချောင်း၏ တစ်ဖက်ကမ်း ကနီမြို့ဘက်မှ ရန်သူ့ လက်နက်ကြီး တပ်သားများသည် ဒေသကာကွယ်ရေး တပ်ဖွဲ့များရှိရာသို့ ၆၀မမ၊ ၈၀ မမ လက်နက်ကြီး ပစ်ကူပေးသည်။

ရေဝါ ချောင်းအတွင်းရှိ စစ်သားများထံမှ ထိခိုက်ဒဏ်ရာရရှိ၍ အော်သံ၊ ဆဲသံများ အတိုင်းသား ကြားနေရခြင်း ဖြစ်သည်။ အလားတူ ကျနော် နားထဲတွင် (အုံး..ဂျိမ်း) ဟူသည့် နှစ်ဆင့်ကွဲ လက်နက်ကြီးသံများ နှစ်မိနစ်ခြားစီ ကြားနေရလေသည်။

ကျနော်သည် စက်ကလေးများရှိရာအနီးတွင် ရောက်ရှိနေခြင်းဖြစ်ပြီး ရန်သူ့လက်နက်ကြီးသမားများမှ စက်ကလေးရှိရာကို ကောင်တာ ပြန်ထောက်၍ ပြန်လည် ပစ်ခတ်နေခြင်း ဖြစ်သည်။ ထိုလက်နက်ကြီး ကျည်ဖူးသည် ကျနော်တို့ နှင့် အတောင် ၅၀ ခန့်အကွာတွင် ကျရောက်ပေါက်ကွဲသည်။ပေါက်ကွဲအားပြင်းထန်ခြင်းကြောင့် ကျနော်တို့နားများ စက္ကန့်  ၂၀ ခန့် အူ၍ သွားပြီး ၊ နားအတွင်းမှ လေများထွက်သယောင် ထူပူသွားသည်။ 

“လက်နက်ကြီးသံ ၊ မိုင်းသံများကြားရတော့မည်ဆိုလျှင် နားကို ပိတ်၍ ပါးစပ်ကို ဟထားရတယ်ဗျ။ ဒါမှ နားစည်ကွဲတာတွေ၊ နားလေးသွားတာတွေ မဖြစ်မှာ ဟု” ကျနော်အနီးရှိ မုန်တိုင်း ဆိုသည့် ရဲဘော် တစ်ဦးက လှမ်း၍ ပြောပြသည်။

အသားညိုညို ၊ ဆံပင် တိုတို နှင့် ကျနော် ရှေ့က ရဲဘော် တစ်ဦးမှာ ရေကာတာ ပေါ်တွင် သေနတ် ဂွထောက်တင်၍ ကိုယ်ခန္ဓာ တစ်ခုလုံး လှုပ်ခါနေအောင် သေနတ်ကို အဆက်မပြတ် ပစ်ခတ်နေသည်။ ထိုစဉ် ကျနော်သည် ရေကာတာ အောက်ခြေတွင် ဝပ်၍ ရဲဘော်များ၏ အခြေအနေကို ကြည့်နေရခြင်းမှ လွဲ၍ အခြားမတတ်နိုင်ပေ။ ကျနော် နှင့် ၁၀ တောင် ခန့်အကွာရှိ ရဲဘော်တစ်ဦးမှာ Ko22 သေနတ်မှ ကျည်ညှပ်၍ ကျည်ရှင်းရင်း စိတ်တိုနေသည်ကို ကျနော် လှမ်း၍ မြင်နေရသည်။ ထို့နောက် ကျည်ရှင်းပြီး ကျည်ဘောက်ပြန်တပ်၍ တစ်ချက်ခြင်း( Single) ပစ်နေသည်ကို သတိထားမိသည်။

နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှု မိနစ် ၃၀ ခန့်ကြာပြီးနောက် အသံများ တိတ်ဆိတ်သွားသည်။ ရိက္ခာပို့ ထွက်လာသည့် ရန်သူ စစ်ကောင်စီတပ်သားများသည် နောက်ကြောင်းပြန်လှည့်၍ သွားကြသည်။ ထို့နောက် ဒါမျိုးပစ်ရတာ တန်တယ်ဟု ကွန်မန်ဒါ ဟု ယူဆရသူ တစ်ဦးက ဆိုသည်။

 ပစ်ခတ်မှု အတော်ကြာ ငြိမ်သွားပြီးနောက် ၎င်း ကွန်မန်ဒါ အနီးသို့ သွားကာ ဘာကြောင့် ဘယ်လို ပစ်ရတာ တန်သည့် အကြောင်း ကျနော်ကမေးသည့်အခါ ကွန်မန်ဒါက ”စစ်သားတွေနေတဲ့ ပျူရွာက်ို ဝင်တိုက်ဖို့ဆိုတာ မလွယ်ဘူးဗျ။ သူတို့မှာ ကျနော်တို့ထက် ကျည်အင်အား အများကြီးသုံးနိုင်တယ်၊ ပြီးတော့ ခံတပ်စခန်းဆိုတော့ ခံစစ်အတွက်အများကြီးပြင်ဆင်ထားတယ်။ အခုလို ကြားဖြတ် တိုက်ခိုက်ရတာက ကျနော်တို့က နေရာအသာစီး နဲ့ ရန်သူ့ အလစ်အငိုက်ကို တိုက်ရတာကြောင့်” ဟု ၎င်းကဆိုသည်။

ထိုတိုက်ပွဲတွင် “ တိုက်ပွဲ စတင် ပစ်ခတ်သည့် အချိန်တွင် စစ်ကောင်စီတပ်သား နှစ်ဦး ကို ထိထိမိမိ ပစ်ခတ်နိုင်ခဲ့တယ် ။ ဒါကတော့ မျက်မြင်ဗျာ ။ ကျန်တဲ့ အချိန်ကတော့ ကိုင်းလှုပ်တဲ့ နေရာကို ပစ်ရတာဆိုတော့ အသေဆုံး အထိအခိုက်တော့ တိတိကျကျ မသိရဘူး” ဟု တိုက်ပွဲအတွင်း KLG ရဲဘော် တစ်ဦးက ဆိုသည်။

အထိအခိုက်များဖြင့် ရင်ဆိုင်လိုက်ရသည့် စစ်ကောင်စီတပ်နှင့် ပျူစောထီးများသည် တပ်ပြန်ဆုတ်၍ ကနီမြို့အတွင်းသို့ ပြန်ဝင်သွားကြောင်း သိရသည်။

အထက်ပါ အကြောင်းအရာများကတော့ ကနီမြို့နယ် အတွင်းရှိ ဒေသကာကွယ်ရေး တပ်ဖွဲ့ တို့ မည်သို့မည်ပုံ တိုက်ပွဲ ဝင်နေကြသလဲ ဆိုသည်ပင် ဖြစ်သည်။ လက်ရှိအချိန်တွင် စစ်ကောင်စီတပ်က လေကြောင်းသုံး တိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်နေပြီး ဒေသကာကွယ်ရေးတပ်ဖွဲ့ အများစုမှာ မိမိတပ်ကို အသင့်ဖြစ်နေရေးအတွက် တပ်လှန့်တာမျိုးတွေ လုပ်ဆောင်နေလျက်ရှိသည်။

စာတည်း- သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly