နေရှင်နယ်လိဂ်မြက်ခင်းစိမ်းတွေပေါ်ကနေ ပျောက်သွားတဲ့နိုက်ဂျီးရီးယားကစားသမားများ

By ထွန်းမောင်(စမ်းချောင်း)
19 September 2023
နေရှင်နယ်လိဂ်မြက်ခင်းစိမ်းတွေပေါ်ကနေ ပျောက်သွားတဲ့နိုက်ဂျီးရီးယားကစားသမားများ

‘’အဖေနဲ့ပြန်ဆုံဆည်းရဖို့စောင့်နေတယ် ‘’ဆိုပြီး မီဒီယာတွေမှာ ဖွင့်ဟပြောလာတာကတော့ မြန်မာနေရှင်နယ်လိဂ်မှာ ဘောလုံးလာကစားခဲ့ပြီး ပြန်သွားတဲ့ နိုက်ဂျီးရီးယားနိုင်ငံသား ဘောလုံးသမားနဲ့ မြန်မာလူမျိုးမိခင်တို့က မွေးဖွားလာခဲ့တဲ့ ကလေးငယ်တဦးရဲ့ စကားသံတွေပဲ ဖြစ်ပါတယ်။

ဒီမိန်းကလေးငယ်ကို  လွန်ခဲ့တဲ့ ရှစ်နှစ်ကျော်ကျော်လောက်မှာ မြန်မာနေရှင်နယ်လိဂ် ချင်းယူနိုက်တက်မှာ ဘောလုံးလာကစားနေရင်း ဂိုက်လုပ်ပေးတဲ့ မြန်မာနိုင်ငံအမျိုးသမီးတဦးနဲ့ မေတ္တာမျှကြပြီး သမီးကလေးကိုမွေးဖွားခဲ့ကာ အဆိုပါနိုက်ဂျီးရီးယားနိုင်ငံသားက ကလေးငယ် တနှစ်သမီးအရွယ်မှာ သူ့နိုင်ငံကိုပြန်သွားခဲ့တာဖြစ်ပါတယ်။

ဒီလိုအကြောင်းအရာတွေကိုတွေ့ပြီး နေရှင်နယ်လိဂ်မှာကစားနေတဲ့ နိုက်ဂျီးရီးယားဘောလုံးကစားသမား ဘယ်နှစ်ယောက်များ မြန်မာမလေးတွေနှင့်မေတ္တာမျှပြီး ကပြားကလေးတွေမြန်မာနိုင်ငံမှာ ဘယ်နှစ်ယောက်များ ထား ခဲ့မလဲဆိုပြီး စိတ်ဝင်တစားလေ့လာကြည့်တဲ့အခါမှာ နိုက်ဂျီးရီးယားဘောလုံးကစားသမားတွေအားလုံးက မြန်မာနေရှင်နယ်လိဂ်မြက်ခင်းစိမ်းတွေကနေ ပျောက်ကွယ်ပြီလည်းဖြစ်ပါတယ်။ 

‘’မရှိတော့ဘူးဗျ၊ နိုက်ဂျီးရီးယားပလေယာတွေအားလုံးကို ဒီနှစ် ၂၀၂၃/၂၄ခုနှစ် မြန်မာနေရှင်နယ်လိဂ် ပထမအကျော့စထဲက နှင်ထုတ်လိုက်ပြီ ။အားလုံးပြန်သွားကြပြီ’’ ဟု ကလပ်အသင်းမှ တာဝန်ရှိသူတဦးဆိုပါတယ်။

၂၀၀၉ ခုနှစ်၊ မတ်လ ၄ ရက်နေ့မှ စတင်ပြီးမြန်မာ နေရှင်နယ်လိဂ်  ပရိုစနစ်ဖြင့် ဘောလုံးပြိုင်ပွဲကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ အတည်ပြုခဲ့ပြီး မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲများကို မေလအတွင်း စတင်ကျင်းပခဲ့ကြပါတယ်။

စတင်ကျင်းပချိန်က ပြည်ပမှကစားသမားအမြောက်အမြားကို ခေါ်ယူကစားတဲ့အခါမှာ နိုက်ဂျီးရီးယား၊ ဂါနာ၊ လိုက်ဘေးနီးယားနှင့် ကင်မရွန်းကစားသမားများ လာရောက်ကစားကြတာကိုလည်း တွေ့ရပါတယ်။ အဲဒီထဲကမှ နိုက်ဂျီးရီးယားကစားသမားများကို အသင်းငယ်တွေထဲမှာ အများအပြားတွေ့လာရပါတော့တယ်။

‘’ကျွန်တော်တို့ အသင်းတွေက ပြည်ပကစားသမားခေါ်ယူတဲ့အခါမှာ (၃) အပေါင်း(၁)ခေါ်ယူခွင့်ရှိတယ်။ အာရှသားတယောက်ဖြစ်ရမယ်။ ကျန်တာကတော့ ကစားသမား သုံးဦး ကြိုက်တဲ့နိုင်ငံကခေါ်ပေါ့။ တကယ်တန်းပွဲကစားတဲ့အခါမှာတော့ ပြည်ပကစားသမား သုံးယောက်ပဲ ကန်ခွင့်ရှိတယ်။အဲဒီမှာ အာရှသားတွေက ဈေးကြီးတယ်ဗျ၊ အသင်းတွေက မခေါ်နိုင်ဘူး၊ ဒီတော့ အာဖရိကကစားသမားတွေထဲမှာတောင် နိုက်ဂျီးရီးယားတွေ ဈေးပေါတယ်။ တလကို ဒေါ်လာ ၅၀၀ လောက် လစာပေးရင်ကိုရနေပြီဗျ။နောက်ပြီးတော့ မြန်မာနေရှင်နယ်လိဂ်(၂)ဆိုရင် နိုက်ဂျီးရီးယားကစားသမားတွေကို လစာမပေးတော့ဘဲ တပွဲကစားပေးရင် ၇၀,၀၀၀ ပေးတယ်၊ မြန်မာငွေပေါ့။ ဒီလိုပဲခေါ်သုံးကြတာ’’ ဟုလည်း အဆိုပါအသင်းတာဝန်ရှိသူတဦးက ပြောတာပါ။

ဒီလိုကစားသမားလခဈေးပေါတဲ့ နိုက်ဂျီးရီးယားပလေယာများက မြန်မာနိုင်ငံကို ဝင်ရောက်လာတဲ့အခါမှာ ဘောလုံးကစားတာအပြင် ဒုစရိုက်မှုများပါ ကျူးလွန်လာတာကိုတွေ့ရပါတယ်။ ATMစက်များမှာ ငွေလိမ်ထုတ်မှု၊ ဘဏ်ကဒ်အတုများပြုလုပ်ပြီး ငွေထုတ်မှု၊ လိုင်းပေါ်မှနည်းမျိုးစုံဖြင့်ငွေလိမ်မှုများကို လုပ်ဆောင်လာကြတာကိုလည်း တွေ့ရှိရပါတော့တယ်။

‘’ဆိုးတာမှတော်တော်ဆိုးတယ်ဗျ၊ ဒီကောင်တွေ၊ အကြောက်အလန့်လည်းမရှိဘူး၊ ကျွန်တော်တို့ သမိုင်းမုဒိတာအိမ်ရာမှာဆိုရင် ဒီကောင်တွေအုပ်စုလိုက် နေကြတယ်။ အခန်းတခန်းငှားပြီး နှစ်ယောက်လောက်ပဲ ဘောလုံးကန်ကြတာ၊ ကျန်တာတွေက ဘာမှမလုပ်ကြဘူး၊ ညနေဘက်ဆိုရင်လည်းအလုပ်ပြန်လာကြတဲ့ မိန်းကလေးတွေကို စနောက်ကြတယ်၊ အခန်းတွေကိုလည်း မကောင်းတဲ့အမျိုးသမီးတွေ ခေါ်ပျော်ပါးကြတယ်။ ပတ်ဝန်းကျင်ကတိုင်ရင်လည်း အရေးယူမှုတွေ မလုပ်တော့ဘူး၊ အခုတော့ သူတို့တွေပျောက်သွားကြတာ။ ဘယ်ရောက်နေကြလဲ မသိတော့ဘူး’’ဟုလည်း မုဒိတာအိမ်ရာဝန်းထဲမှ သူတဦးကဆိုပါတယ်။

မြန်မာနေရှင်နယ်လိဂ်အသင်းများ ပြန်လည်စတင်ပြီး ပထမကျော့အထိ နိုက်ဂျီးရီးယားကစားသမားများ ပါဝင်ကစားနေပြီး၊ ဒုတိယအကျော့ မရောက်ခင် မြန်မာနေရှင်လိဂ်အသင်းတွေမှာ ကစားနေကြသည့် နိုက်ဂျီးရီးယားကစားသမားများအားလုံး ပြန်လည်နှင်ထုတ်လိုက်တာဖြစ်တယ်ဟုလည်း သိရပါတယ်။

‘’အကြောင်းအမျိုးမျိုးတော့ရှိမှာပေါ့နော်။ နိုက်ဂျီးရီးယားကစားသမားတွေကိုပဲ ရွေးပြီးနှင်ထုတ်တဲ့သဘောဖြစ်နေတယ်။ ကျန်တဲ့ အာဖရိကန်ကစားသမားတွေရှိနေတာပဲ၊ သူတို့ကိုကျ နှင်မထုတ်ဘူးလေ။ တချို့အာဖရိကန်ကစားသမားတွေဆိုရင် မြန်မာမတွေနဲ့ယူပြီး ကလေးတွေတောင်တော်တော်လေးကြီးနေကြပြီ၊ သူတို့ကျတော့ ဆက်ကျန်နေသေးတယ်’’ဟုလည်း နေရှင်နယ်လိဂ်ကစားသမားတဦးထံမှ သိရပါတယ်။

လက်ရှိ မြန်မာနေရှင်နယ်လိဂ်အသင်းများအနေဖြင့် ပရိသတ်မရှိဘဲ ကစားနေကြရပြီး တချို့အသင်းပိုင်ရှင်များအနေဖြင့် နေရှင်နယ်လိဂ်အသက်ရှင်ရုံအဖြစ်သာ ပွဲအဖြစ်ကစားနေရတယ်လို့လည်း သိရပါတယ်။

‘’ဖိအားကတော့အရမ်းများတယ်။ ဒိုင်တွေလည်းဖိအားများတယ်။နောက်တခုက နိုက်ဂျီးရီးယားကစားသမားတွေ နှင်ထုတ်ခံရတယ်ဆိုတာက မှန်ပါတယ်။ ကစားသမားတွေထဲမှာ နိုက်ဂျီးရီးယားတွေက ဘောလုံးအဆင့်အတန်းတော့သိပ်မရှိဘူး၊ ဒုစရိုက်မှုတွေကျူးလွန်ကြတယ်ဆိုတာလည်း မှန်တယ်။ ဒါပေမယ့် သူတို့ရဲ့လုပ်ခကို အသင်းငယ်လေးတွေက ပေးနိုင်တယ်လေ။ အသင်းကြီးတွေကတော့ တလကို ဒေါ်လာ ၇,၀၀၀ ကျော်ပေးနိုင်တယ်။ အသင်းရေရှည်ရပ်တည်ဖို့အတွက် ပြည်ပကစားသမားခေါ်ရမယ်ဆိုရင် နိုက်ဂျီးရီးယားကစားသမားတွေက လစာနည်းတယ်။ ဒါကို တချို့အသင်းတွေက မကျေနပ်ကြဘူး၊ သူတို့လည်း ပြည်ပကစားသမားမခေါ်နိုင်ကြဘူးလေ’’ ဟုလည်း မြန်မာနေရှင်နယ်လိဂ်(၂)မှ အသင်းမီဒီယာတဦးက ပြောပါတယ်။

နိုက်ဂျီးရီးယားကစားသမားများ မြန်မာနေရှင်နယ်လိဂ်မှ ပျောက်ကွယ်သွားတဲ့အတွက် မြန်မာဘောလုံးအဆင့်အတန်း တိုးတက်လာမလား၊ ဆုတ်ယုတ်လာမလား၊ မသေချာပေမယ့် ဘောလုံးအဖွဲ့ချုပ်စီမံခန့်ခွဲမှု အမှားများနှင့်အတူ အဖေအပြန်လာခေါ်မလားဟု မျှော်လင့်နေကြတဲ့ နိုင်ဂျီးရီးယားမြန်မာ ကပြားကလေးများကတော့ လျော့နည်းသွားမှာ သေချာပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required