စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်ခြင်းကြောင့် ခရစ်ယာန်ဘုရားကျောင်း ပျက်စီး

By သွင်ထူးဈာန် ကော်သူးလေ(မဇ္ဈိမ)
24 May 2023
စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်ခြင်းကြောင့် ခရစ်ယာန်ဘုရားကျောင်း ပျက်စီး

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)ထိန်းချုပ်နယ်မြေ ဝေါ်လေခီး ဒေသ ခလယ်လောကျယ်(ခ)ပနွယ်ဖိုးကလိုးကျေးရွာအတွင်းသို့ စစ်ကောင်စီတပ်က မေလ ၂၃ ရက်နေ့ ည ၁၁ နာရီ ၅၂ မိနစ်တွင် တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် ခရစ်ယာန်ဘုရားကျောင်း ပျက်စီးသွားကြောင်း ဒေသတွင်းသတင်းရင်းမြစ်ထံမှ သိရသည်။

 “ည ၁၂ နာရီလောက်မှာ လာကြဲတာ၊ လူတော့မထိလိုက်ဘူး။ တိုက်ပွဲဖြစ်နေတာတော့ မရှိပါဘူး။ ရွာက လူတွေရှောင်နေရတာရှိတယ်၊ နောက်ထပ်လာကြဲမှာ စိုးရိမ်နေရတယ်”ဟု ဒေသခံတစ်ဦးမှ ပြောသည်။

အဆိုပါဒေသသည် KNLA တပ်ရင်း(၂၀၁) အုပ်ချုပ်ရေးနယ်မြေဖြစ်ပြီး  ယခုနှစ် ဖေဖော်ဝါရီလအတွင်းက ထီးကပလယ်တိုက်ပွဲတွင် စစ်ကောင်စီတပ်က တပ်ရင်း(၂၀၁)ကို ဝင်ရောက်စီးနင်းခဲ့သည့်ဖြစ်စဉ် ဖြစ်ပွား ခဲ့သည်။

စစ်ကောင်စီတပ်သည် မြေပြင်တွင်အထိနာနေသဖြင့် ကျေးရွာများ၊ ဘာသာရေးအဆောက်အဦများ၊ အရပ် သားများကိုပစ်မှတ်ထားကာ လေကြောင်းတိုက်ခိုက်မှု နေ့စဉ်နီးပါး ပြုလုပ်လျှက်ရှိသည်။

စာတည်း။  ။စောဖေ
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required