ထားဝယ်နည်းပညာတက္ကသိုလ် ကျောင်းသား ၂ ဦးကို စစ်ကောင်စီက ထောင် ၁၀ နှစ်စီချ

By ကိုရွှေမြိတ် (မဲဆောက်)မဇ္ဈိမ
30 March 2023
ထားဝယ်နည်းပညာတက္ကသိုလ် ကျောင်းသား ၂ ဦးကို စစ်ကောင်စီက ထောင် ၁၀ နှစ်စီချ

တနင်္သာရီတိုင်း၊ ထားဝယ်အကျဉ်းထောင်မှ ထားဝယ်နည်းပညာတက္ကသိုလ် ကျောင်းသားနှစ်ဦး ကို စစ်ကောင်စီက မတ်လ ၂၈ ရက်နေ့တွင် ထောင်ဒဏ် ၁၀ နှစ်စီ ချမှတ်လိုက်သည်။

၎င်းတို့နှစ်ဦးကို စစ်ကောင်စီလက်အောက်ခံ ထားဝယ်ခရိုင်တရားရုံးမှ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ၅၀(ည)ဖြင့် ထောင်ဒဏ်ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း ထားဝယ်နည်းပညာတက္ကသိုလ်၊ ကျောင်းသားများ သမဂ္ဂအဖွဲ့ထံမှ သိရသည်။

ထားဝယ်ခရိုင် ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌဟောင်းဖြစ်သူ ကိုမျိုးမင်းဦးသည် နှစ်ကြိမ်မြောက် ဖမ်းဆီးခံရ ခြင်းဖြစ်ပြီး ယခုအကြိမ်တွင် ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခံရခြင်းဖြစ်သည်။

“ကိုမျိုးမင်းဦးက ပထမအကြိမ်ဖမ်းခံရတုန်းက လွတ်ငြိမ်းနဲ့ပြန်လွတ်လာပြီး အခု ဒုတိယအကြိမ်မှာ ထောင် ၁၀ နှစ်ချခံရတာ ဖြစ်တယ်”ဟု သမဂ္ဂဝင်တစ်ဦးက အတည်ပြုပြောသည်။

ကျန်တစ်ဦးဖြစ်သည့် ထားဝယ်နည်းပညာတက္ကသိုလ်ကျောင်းသား ကိုအောင်ဝေယံထွန်းသည်လည်း ပုဒ်မ ၅၀ ညဖြင့် ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခံရခြင်းဖြစ်သည်။

ကိုမျိုးမင်းဦးမှာ ပထမအကြိမ် ဖမ်းဆီးခံခဲ့ရစဉ်က ၅၀၅(က)၊ ၅၀၅(ဂ) ပုဒ်မများဖြင့် စစ်ကောင်စီက တရား စွဲဆိုခဲ့ပြီး ၂၀၂၁ ခုနှစ် အောက်တိုဘာလတွင် လွတ်ငြိမ်းဖြင့်ပြန်လွတ်ပေးခဲ့သည်။

ထို့နောက် တစ်နှစ် မပြည့်ခင် ပြီးခဲ့သည့် ၂၀၂၂ စက်တင်ဘာလတွင် စစ်ကောင်စီတပ်က ၎င်းကို ဒုတိယအကြိမ် ထပ်မံဖမ်းဆီး ခဲ့ခြင်းဖြစ်သည်။

ယခု ထောင်ဒဏ် ၁၀ နှစ်စီ ချမှတ်ခံလိုက်ရသည့် ကိုမျိုးမင်းဦးသည် အသက် ၂၃ နှစ် ဝန်းကျင်ရှိပြီး လျှပ်စစ် အဓိကကျောင်းသားဖြစ်ပြီး ကိုအောင်ဝေယံထွန်းမှာ စက်မှုလျှပ်စစ်ကျောင်းသားမဖြစ်ကြောင်း သိရသည်။

ထားဝယ်အကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသား အမျိုးသား ၂၉၀ နှင့် အမျိုးသမီး ၆၀ ဦးဝန်းကျင်၊ စုစု ပေါင်း  ၃၅၀ ခန့်ရှိကြောင်း ထားဝယ်နိုင်ငံရေးအကျဉ်းသားများကွန်ရက်က ထုတ်ပြန်ထားသည်။

စာတည်း ။ ။ Alden
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly