ထားဝယ်မြို့ အဝင် စစ်ဆေးရေးဂိတ်တွင်  ဒေသခံ အမျိုးသား  ဖမ်းဆီးခံရ

By ကိုရွှေမြိတ် (မဇ္ဈိမ)
06 September 2023
ထားဝယ်မြို့ အဝင် စစ်ဆေးရေးဂိတ်တွင်  ဒေသခံ အမျိုးသား  ဖမ်းဆီးခံရ

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ရွာ အနီးရှိ ဘုရားမဲ စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်တွင် ဒေသခံ အမျိုးသားတဦး  စက်တင်ဘာလ ၄ ရက်နေ့ ညနေ ၃ နာရီခန့်တွင် ဖမ်းဆီးခံလိုက်ရကြောင်း ယင်းမြို့ရှိ ဒေသခံများထံက သိရသည်။

အဆိုပါ ဖမ်းဆီးခံလိုက်ရသော ကိုအောင်ကျော်ခိုင်သည် ရန်ကုန်မှ ထားဝယ်သို့ လာစဉ် မလွှဲတောင်စစ်ဆေးရေးဂိတ်ကို ကျော်လွန်ပြီး ထားဝယ်မြို့ အဝင် ဘုရားမဲ စစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးခံလိုက်ရခြင်း ဖြစ်သည်။

"သူက ထားဝယ်မြို့ခံ တစ်ဦးပါ၊ ရန်ကုန်ကနေ ထားဝယ်ကို ပြန်ဆင်းလာတဲ့ အချိန်မှာ စီးလာတဲ့ ကားက မလွှဲတောင်ဂိတ်ကို ကျော်ပြီး  စစ်ဆေးခံရပေမယ့် ဘုရားမဲ ဂိတ်ရောက်တော့  တခါတည်း ဖမ်းခံ လိုက်ရပါတယ်"ဟု ပြောသည်။

ဖမ်းဆီးခံ ကိုအောင်ကျော်ခိုင်သည် ထားဝယ်မြို့၊ ကြက်စားပြင် ရပ်ကွက်တွင် နေထိုင်သူဖြစ်ပြီး မည်သည့်အတွက်ကြောင့် ဖမ်းဆီးခံရသည်ကို မသိရပေ။ 

ယခုစက်တင်ဘာလ ၃ ရက်န့ကလည်း ထားဝယ်မြို့ရှိ ဗျောတောဝ စစ်ကောင်စီတပ်ဂိတ်တွင် အမျိုးသားတဦးကို ဖမ်းဆီးခံခဲ့ရသေးသည်။

ထားဝယ်မြိပေါ်ရှိ ရပ်ကွက်အချို့တွင် ယခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်က ဧည့်စာရင်းစစ် အကြောင်းပြကာ ဝင်ရောက်ဖမ်းဆီးမှုများ ပြုလုပ်နေရာ နှစ်ပတ်အတွင်း လူပေါင်း ၃၀ ခန့် ဖမ်းဆီးခံခဲ့ရကာ အချို့မှာ ငွေပေးပြီး ပြန်လည်လွတ်မြောက်လာကြောင်း ထားဝယ်မြို့ခံများထံမှ သိရသည်။

စာတည်း။   ။ နောင်နောင်
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required