ထားဝယ်မြို့ ဘုရားမဲ စစ်ဆေးရေးဂိတ် ထပ်မံတိုက်ခိုက်ခံရ

By ကိုရွှေမြိတ်(မဇ္ဈိမ)
12 September 2023
ထားဝယ်မြို့ ဘုရားမဲ စစ်ဆေးရေးဂိတ် ထပ်မံတိုက်ခိုက်ခံရ

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ် မောင်မယ်ရှောင်ရွာ နည်းပညာတက္ကသိုလ် အနီးရှိ ဘုရားမဲ စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်ကို ပူးပေါင်း တိုက်ခိုက်ခဲ့ကြောင်း Dawei Guerrilla Revolutionary Force (DGRF) တပ်ဖွဲ့က မဇ္ဈိမကို ပြောသည်။ 

အဆိုပါ ဘုရားမဲ စစ်ဆေးရေးဂိတ်ကို ယမန်နေ့ စက်တင်ဘာလ ၁၁ ရက် မွန်းလွဲ ၂ နာရီခွဲအချိန်တွင် စနိုက်ပါဖြင့် နှစ်ချက် ပစ်ခတ်ပြီးနောက် လက်နက်ကြီးနှင့်ပါ တိုက်ခိုက်ခဲ့ကြောင်း ဆိုသည်။

"အဲဒီဂိတ်မှာ ကင်းလှည့်ပြီး သွားနေတဲ့ စစ်ကောင်စီတပ်သားကို စနိုက်ပါနဲ့ ပစ်ခဲ့တယ်၊ ပြီးမှ ၇၉ ၊ ၈၀ မမ လက်နက်ကြီးနဲ့ ထပ်ပစ်တယ်"ဟု DGRF ၏ ပြန်ကြားရေး တာဝန်ခံက ပြောသည်။

အဆိုပါ ပစ်ခတ် တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သားနှစ်ဦး စနိုက်ပါ ထိမှန်ပြီး သေဆုံးသွားကြောင်း ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့က ဆိုသည်။

ဂိတ်တိုက်ခိုက်ခံရပြီးနောက် ဂိတ်စောင့်စစ်ကောင်စီတပ်ဖွဲ့က လက်နက်ကြီးဖြင့် ပြည်လည်ပစ်ခတ်တိုက်ခိုက်ခဲ့သော်လည်း တော်လှန်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ဆုတ်ခွာလာနိုင်ခဲ့ကြောင်း ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးခန့် ရှိ‌သော ဘုရားမဲစစ်ဆေးရေးဂိတ်သည် ထားဝယ်- ရန်ကုန် ပြည်ထောင်စုကားလမ်းမပေါ်တွင် တည်ရှိပြီး ပြည်သူ့ ကာကွယ်ရေး တပ်များ၏ မကြာခဏ တိုက်ခိုက်မှုနှင့် ရင်ဆိုင်နေရသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၂ ရက်နေ့၊ ၇ ရက်နေ့နှင့် ၁၁ ရက်နေ့ကလည်း အဆိုပါ စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံခဲ့ရသည်။ 

စာတည်း။   ။ နောင်နောင်
စာမူတည်းဖြတ်။     ။သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required