တရုတ်က ခါးပတ်လမ်းရပ်ဝန်းစီမံကိန်းရှိသည့် နိုင်ငံများအတွက် ဒေါ်လာ ၂၄၀ ဘီလီယံသုံးစွဲ

By Reuters
30 March 2023
တရုတ်က ခါးပတ်လမ်းရပ်ဝန်းစီမံကိန်းရှိသည့် နိုင်ငံများအတွက် ဒေါ်လာ ၂၄၀ ဘီလီယံသုံးစွဲ

တရုတ်နိုင်ငံသည် ၂၀၀၈ ခုနှစ်မှ ၂၀၂၁ ခုနှစ်အတွင်း ဖွံ့ဖြိုးဆဲ ၂၂ နိုင်ငံအတွက် ဒေါ်လာ ၂၄၀ ဘီလီယံ သုံးစွဲခဲ့ပြီး နိုင်ငံအများစုသည် ခါးပတ်လမ်းရပ်ဝန်းစီမံကိန်း (BRI) အခြေခံအဆောက်အအုံများ တည်ဆောက်ရာတွင် အသုံးပြုခဲ့သော ချေးငွေများ ပြန်ဆပ်ရန် ရုန်းကန်နေရကာ မကြာသေးမီနှစ်များအတွင်း ချေးငွေပမာဏ မြင့်တက်လာကြောင်း မတ်လ ၂၁ ရက်က ထုတ်ပြန်သည့် လေ့လာမှုတစ်ခုတွင် ဖော်ပြထားသည်။

အထောက်အကူပြုချေးငွေ၏ ၈၀ ရာခိုင်နှုန်းနီးပါးကို ၂၀၁၆ ခုနှစ်မှ ၂၀၂၁ အတွင်း ထုတ်ချေးခဲ့ခြင်း ဖြစ်ပြီး  အဓိကအားဖြင့် အာဂျင်တီးနား၊ မွန်ဂိုလီးယားနှင့် ပါကစ္စတန်အပါအဝင် အလယ်အလတ်ဝင်ငွေရှိသောနိုင်ငံများသို့ ထုတ်ပေးခဲ့ခြင်းဖြစ်သည်ဟု  ကမ္ဘာ့ဘဏ်၊ ဟားဗတ်ကနေဒီကျောင်း၊ AidData နှင့် Kiel Institute for the World တို့မှ သုတေသီများ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။ 

တရုတ်နိုင်ငံသည် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် အခြေခံအဆောက်အအုံတည်ဆောက်ရန် ဒေါ်လာဘီလီယံရာနှင့်ချီ ထုတ်ချေးခဲ့သော်လည်း စီမံကိန်းအများအပြားသည် မျှော်မှန်းထားသော ငွေကြေးအမြတ်ဝေစုကို ပေးချေနိုင်ခြင်း မရှိသောကြောင့် ၂၀၁၆ ခုနှစ်မှစ၍ ချေးငွေထုတ်ပေးမှု လျော့ကျသွားခဲ့သည်။ 

တရုတ်သည် နောက်ဆုံးတွင် မိမိ၏ ဘဏ်များကိုပင် ကယ်တင်ရန် ကြိုးပမ်းနေရပြီး နိုင်ငံတကာသို့ ငွေထုတ်ချေးသည့် အန္တရာယ်များလှသော စီးပွားရေးနယ်ပယ်တွင် ပိတ်မိနေကြောင်း ကမ္ဘာ့ဘဏ်၏ စီးပွားရေးပညာရှင်ဟောင်းနှင့် အစီရင်ခံစာရေးသားသူ ကာမင်န်ရိန်းဟတ်က ပြောကြားခဲ့သည်။

အကြွေးပြဿနာရှိသော နိုင်ငံများသို့ တရုတ်က ထုတ်ချေးခဲ့သည့် ငွေသည် ၂၀၁၀ ခုနှစ်တွင် ပြည်ပချေးငွေ စုစုပေါင်း၏ ၅ ရာခိုင်နှုန်းအောက်သာ ရှိခဲ့ရာမှ ၂၀၂၂ ခုနှစ်တွင် ၆၀ ရာခိုင်နှုန်းအထိ တိုးလာခဲ့ကြောင်း လေ့လာတွေ့ရှိခဲ့သည်။

အာဂျင်တီးနားက ဒေါ်လာ ၁၁၁ ဒသမ ၈ ဘီလီယံဖြင့် အများဆုံး ချေးငွေရယူထားပြီး ပါကစ္စတန်က ဒေါ်လာ ၄၈ ဒသမ ၅ ဘီလီယံနှင့် အီဂျစ်က ဒေါ်လာ ၁၅ ဒသမ ၆ ဘီလီယံ အသီးသီး ယူထားကြသည်။ နိုင်ငံ ၉ နိုင်ငံက ဒေါ်လာ ၁ ဘီလီယံနီးပါး ယူထားကြသည်။

တရုတ်ပြည်သူ့ဘဏ် (PBOC) ငွေလဲဌာနများသည် ဆူရီနမ်၊ သီရိလင်္ကာနှင့် အီဂျစ်နိုင်ငံတို့အား ကူညီကယ်ဆယ်ရေးဘဏ္ဍာငွေအဖြစ် ဒေါ်လာ ၁၇၀ ဘီလီယံအထိ ထုတ်ချေးထားသည်။ တရုတ်အစိုးရပိုင်ဘဏ်များမှ ပံ့ပိုးထားသော ပေါင်းကူးချေးငွေ သို့မဟုတ် ငွေပေးချေမှုလက်ကျန်မှာ ဒေါ်လာ ၇၀ ဘီလီယံဖြစ်သည်။ ချေးငွေအမျိုးအစား ၂ ရပ်ပေါင်းမှာ ဒေါ်လာ ၁၄၀ ဘီလီယံ ရှိသည်။

တရုတ်သည် ဇမ်ဘီယာ၊ ဂါနာနှင့် သီရိလင်္ကာတို့အပါအဝင် နိုင်ငံများနှင့် ကြွေးမြီ ကတိကဝတ် ပြန်လည်ပြင်ဆင်ရေး ညှိနှိုင်းဆောင်ရွက်လျက်ရှိပြီး အဆိုပါ လုပ်ငန်းစဉ်များကို ဆိုင်းငံ့ထားခြင်းကြောင့် ဝေဖန်ခံနေရသည်။ ဝေဖန်မှုများကို တုံ့ပြန်သည့်အနေဖြင့် တရုတ်က ကမ္ဘာ့ဘဏ်နှင့် နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့အနေဖြင့်လည်း အထောက်အကူပြု ကယ်ဆယ်ရေးချေးငွေများ ထုတ်ပေးရန် တောင်းဆိုထားသည်။ 
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required