မြန်မာ့အရေးအပေါ် တရုတ်ရဲ့ သဘောထား ရှင်းရှင်းလင်းလင်း မြင်ရပြီလား | သတင်းသုံးသပ်ချက်

By မဇ္ဈိမ 
20 July 2023
မြန်မာ့အရေးအပေါ် တရုတ်ရဲ့ သဘောထား ရှင်းရှင်းလင်းလင်း မြင်ရပြီလား | သတင်းသုံးသပ်ချက်

မြန်မာစစ်ကောင်စီကို လက်နက်ရောင်းချနေတယ်ဆိုတဲ့ စွပ်စွဲချက်တွေကို တရုတ်အစိုးရက မြို့တော် ဘေကျင်းမှာ ပုံမှန်ကျင်းပတဲ့ တရုတ်နိုင်ငံခြားရေး ဝန်ကြီးရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးဖြစ်တဲ့ မစ္စတာ မောင်နင်းက ကန့်ကွက်လိုက်ပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ အထူးကိုယ်စားလှယ် တင်သွင်းတဲ့ အစီအရင်ခံစာဟာ လုပ်ပိုင်ခွင့်ထက် ကျော်လွန်နေတယ်လို့ တရုတ်အစိုးရက တုန့်ပြန်လိုက်တာ ဖြစ်ပါတယ်။

တရုတ်နဲ့ ရုရှားနိုင်ငံတွေက မြန်မာစစ်ကောင်စီကို စစ်လက်နက်ပစ္စည်းတွေ တင်သွင်း ရောင်းချနေတယ်လို့ ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် တွမ်အင်ဒရူး မေလက တင်သွင်းတဲ့ အစီအရင်ခံစာမှာ ဖော်ပြထားတဲ့အပေါ် တရုတ်က ပြန်လည်ကန့်ကွက်လိုက်တာပါ။ 

လူ့အခွင့်အရေး အထူးကိုယ်စားလှယ်ရဲ့ အစီအရင်ခံစာဟာ အချုပ်အခြာအာဏာပိုင်တဲ့ နိုင်ငံတွေအကြား စစ်လက်နက်ပစ္စည်း ပုံမှန် အရောင်းအဝယ်လုပ်တာကို အပုပ်ချထားတဲ့အပြင် မမှန်ကန်တဲ့ အချက်အလက် တွေကို အခြေခံထားတယ်လို့လည်း တရုတ်အစိုးရက တုန့်ပြန်ထားပါတယ်။

လွတ်လပ်တဲ့ နိုင်ငံအချင်းချင်းကြားမှာ သာမန်လက်နက် ရောင်းဝယ်တာကို နာမည်ဆိုးတပ်ထားပြီး အချက်အလက်တွေကိုလည်း လွဲမှားစွာ ဖော်ပြထားတဲ့အတွက် တရုတ်အစိုးရက ခိုင်ခိုင်မာမာ ကန့်ကွက်တယ် လို့လည်း မစ္စတာ မောင်နင်းက ဆိုပါတယ်။

မီဒီယာတွေကတော့ မြန်မာစစ်ကောင်စီဟာ အာဏာသိမ်းယူပြီးတဲ့နောက် အရပ်သားတွေကို ပစ်မှတ်ထား တိုက်ခိုက်သတ်ဖြတ်တာ အပါအဝင် ကိုယ့်နိုင်ငံသားတွေအပေါ် အကြမ်းဖက်သတ်ဖြတ်နေတဲ့ သက်သေ အထောက်အထား အများအပြားတွေ့ရှိနေရတဲ့ အခြေအနေမျိုးမှာတောင် တရုတ်နိုင်ငံက မြန်မာပြည်မှာ ကုန်သွယ်ရေးဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်နေပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီး အပါအဝင် တရုတ်နိုင်ငံက ထိပ်တန်းအရာရှိတွေက စစ်ကောင်စီနဲ့ တွေ့ဆုံဆွေးနွေးမှုတွေ လုပ်နေတာ ဘာကြောင့်လဲဆိုတဲ့ မေးခွန်း ထုတ်ခဲ့ကြပါတယ်။

မီဒီယာတွေရဲ့ မေးမြန်းချက်တွေကို မစ္စတာ မောင်နင်းက မြန်မာ့အရေးနဲ့ ပတ်သက်ရင် တရုတ်ရဲ့ ရပ်တည်ချက်က ပြောင်းလဲမှုမရှိဘဲ ရှင်းရှင်းလင်းလင်း ရှိကြောင်းနဲ့ အခြေခံ ဥပဒေ မူဘောင်ထဲကနေ တရားဝင်နိုင်ငံရေး ဆွေးနွေးပြီး ပဋိပက္ခတွေကို ဖြေရှင်းရမှာဖြစ်တယ်လို့ ဖြေကြားခဲ့ပါတယ်။

မြန်မာ့အရေးအတွက် နိုင်ငံတကာရဲ့ ကြိုးပမ်းမှုတွေကလည်း မြန်မာ့နိုင်ငံရေးနဲ့ လူမှုရေးတည်ငြိမ်စေဖို့၊ ငြိမ်းချမ်းရေးနဲ့ ပြည်ထောင်စု ပြန်လည်သင့်မြတ်ရေးမှာ ပိုတိုးတက်စေဖို့ ပဋိပက္ခတွေ ပိုမိုးဆိုးရွားမှု မရှိစေရေး တို့အတွက် အထောက်အပံ့ ဖြစ်လို့လိုတယ်လို့လည်း မစ္စတာမောင်နင်းက နိုင်ငံတကာကို သတင်းစကား ပါးလိုက်ပါတယ်။

ကုလသမဂ္ဂ အထူးကိုယ်စားလှယ်အနေနဲ့လည်း အထူးကိုယ်စားလှယ်ဆိုတဲ့ ဂုဏ်သိက္ခာကို ထိခိုက်မှု မရှိရအောင် နိုင်ငံရေးအစီအစဉ် ဆောင်ရွက်တာမျိုးကို ရပ်တန့်ပါဆိုပြီးတော့လည်း တရုတ်အစိုးရက တောင်းဆိုလိုက်ပါသေးတယ်။

မစ္စတာမောင်နင်းရဲ့ ပြောကြားချက်တွေထဲမှာ မြန်မာနိုင်ငံကို လက်နက်လုံးဝ မရောင်းဘူးဆိုတဲ့ စကား မတွေ့ရပါဘူး။ 

ဒါကိုကြည့်ရင် တရုတ်နိုင်ငံက ကိုယ့်ပြည်သူကို ပြန်သတ်ဖြတ်နေတဲ့ မြန်မာစစ်ကောင်စီကို စစ်လက်နက် ပစ္စည်းတွေ ရောင်းချနေပြီး တွေ့ဆုံဆွေးနွေးရေးနဲ့ အဖြေရှာဖို့ လမ်းကြောင်းကိုပဲ ယုံကြည်တဲ့အကြောင်း နိုင်ငံတကာကို ပြသလိုက်တာလို့ ယူဆရပါတယ်။

မြန်မာ့အရေးနဲ့ ပတ်သက်လို့ တရုတ်ရဲ့ ရပ်တည်ချက်က ခိုင်ခိုင်မာမာရှိပြီးသားဆိုတာဟာ စစ်ကောင်စီရဲ့ နိုင်ငံရေးထွက်ပေါက်ကို ဖွင့်ပေးဖို့လားလို့ မေးခွန်းထုတ်ရမလို ဖြစ်နေပါတယ်။ သေချာတာကတော့ တရုတ်ဟာ မြန်မာပြည်သူတွေဘက်မှာ မရှိဘူးဆိုတာပါပဲ။

တရုတ်အစိုးရဟာ ကုလသမဂ္ဂကို ဝေဖန်ကန့်ကွက်တဲ့အပြင် ဒီမိုကရေစီအကျိုးစီးပွား တစ်ခုတည်းကိုပဲ ကြည့်ပြီး ပြည်သူလူထုဘက်က ရပ်တည်နေတဲ့၊ စစ်ကောင်စီကို ပိတ်ဆို့အရေးယူမှုတွေ လုပ်နေတဲ့ အမေရိကန် အပါအဝင် အနောက်နိုင်ငံတွေရဲ့ မြန်မာ့အရေး ကြိုးပမ်းမှုတွေကိုပါ မှန်မမှန် ပြန်ဆန်းစစ်ကြဦးလို့ ထောက်ပြနေသလိုပါပဲ။

တရုတ်နိုင်ငံရဲ့ မူဝါဒက သူ့ရဲ့ ကိုယ်ကျိုးစီးပွားအတွက်ပဲ ကြည့်တယ်ဆိုတာ သိထားပြီး ဖြစ်ပေမယ့် ရက်စက်ရိုင်းစိုင်းတဲ့ စစ်ကောင်စီကို ပြည်သူတွေကို သတ်ဖို့ လက်နက်တွေ ရောင်းချတာ၊ စစ်ကောင်စီ အသက်ရှူချောင်အောင် ပြည်သူလုံးဝ လက်သင့်မခံတဲ့ တွေ့ဆုံဆွေးနွေးရေး ဆိုတဲ့ လမ်းကြောင်းပေါ် ရောက်အောင် ကူညီတာအထိကတော့ တရားလွန်လွန်းတယ်လို့ ဆိုရမှာ ဖြစ်ကြောင်း ဖော်ပြလိုက်ပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required