စစ်ကောင်စီနှင့် မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ တွေ့ဆုံဆွေးနွေးမှု မည်သည့် သဘောတူညီချက်မှရရှိခြင်းမရှိဘဲ ရပ်ဆိုင်းခဲ့

By မဇ္ဈိမ 
05 June 2023
စစ်ကောင်စီနှင့် မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ တွေ့ဆုံဆွေးနွေးမှု မည်သည့် သဘောတူညီချက်မှရရှိခြင်းမရှိဘဲ ရပ်ဆိုင်းခဲ့

တရုတ်အစိုးရ၏ ကြားဝင်ညှိနှိင်းပေးမှုအရ အာဏာသိမ်း စစ်ကောင်စီနှင့် ရက္ခိုင့် တပ်တော် (AA)အပါအဝင် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့တို့ မိုင်းလားတွင် တွေ့ဆုံ ဆွေးနွေးရာ မည်သည့်သဘောတူညီချက်မှ မရရှိဘဲ တွေ့ဆုံမှု ဒုတိယနေ့  ဇွန်လ ၂ ရက်တွင် ဆွေးနွေးပွဲ ရပ်ဆိုင်းသွားကြောင်း သိရသည်။

မိုင်းလားတွင် စစ်ကောင်စီနှင့် မြောက်ပိုင်းမဟာမိတ် သုံးဖွဲတို့သည် ၃ ရက်တာ ဆွေးနွေး မည်ဟု  စီစဉ်ထားသော်လည်း ၂ ရက်မြောက်ဆွေးနွေးပွဲတွင် မည်သည့် သဘောတူညီချက်မှ ရရှိခြင်းမရှိဘဲ ရပ်ဆိုင်းခဲ့ခြင်းဖြစ်သည်။ 

ဆွေးနွေးမှု ဒုတိယရက်မှာ နိုင်ငံရေးကိစ္စရပ်များကို စစ်ကောင်စီက ဆွေးနွေးချင်သော်လည်း ညီနောင်မဟာမိတ်သုံးဖွဲ့ဘက်မှ  မဆွေးနွေးချင်တဲ့အတွက် နှစ်ဘက်ညှိနှိုင်းမှု မပြေလည်ခြင်းကြောင့် ဆွေးနွေးမှု ရပ်နားလိုက်ခြင်း ဖြစ်ကြောင်းသိရသည်။

စစ်ကောင်စီ လက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိင်းရေးကော်မတီ (NSPNC)နှင့် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ဖြစ်သည့်  ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ် (ULA/AA)၊ ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA)နှင့် မြန်မာနိုင်ငံ အမှန်တရားနှင့် တရားမျှတသော အမျိုးသားပါတီ (MNTJP/MNDAA) တို့သည် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ အထူးဒေသ(၄)၊ မိုင်းလားမြို့တွင် ဇွန်လ ၁ ရက်မှ ၃ ရက် အထိ တွေ့ဆုံဆွေးနွေးမည်ဖြစ်ကြောင်း အဆိုပါအဖွဲများက ထုတ်ပြန်ခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required