တရုတ်အစိုးရက မိမိကို တွေ့ဆုံရန် ကြိုးပမ်းနေကြောင်း ဒလိုင်းလားမားပြောကြား

By India Today
09 July 2023
တရုတ်အစိုးရက မိမိကို တွေ့ဆုံရန် ကြိုးပမ်းနေကြောင်း ဒလိုင်းလားမားပြောကြား

တရုတ်အစိုးရသည် တိဗက်လူမျိုးများ၏ ခိုင်မာသော စိတ်ဓာတ်ကို နားလည် သဘောပေါက်လာသောကြောင့် မိမိအား ဆက်သွယ်ရန် ကြိုးပမ်းနေကြောင်း တိဗက်ဘာသာရေးခေါင်းဆောင် ဒလိုင်းလားမားက ပြောကြားသည်။ 

တရုတ်အစိုးရက ဒလိုင်းလားမားနှင့် တွေ့ဆုံဆွေးနွေး လိုကြောင်းနှင့် တိဗက်သည် လွတ်လပ်ရေးကို မတောင်းဆို ကြောင်း   ဒလိုင်းလားမားက သူ ၈၈ နှစ်မြောက် မွေးနေ့ကို ကျင်းပပြီး ၂ ရက်အကြာတွင်   ပြောကြားလိုက်သည်။

တရုတ်သည် တိဗက်လူမျိုးများ၏ ခိုင်မာသော စိတ်ဓာတ်ကို နားလည်သဘောပေါက်လာကြောင်းနှင့် ၎င်းအနေဖြင့် တရုတ်အစိုးရနှင့် စေ့စပ်ညှိနှိုင်းရန် အမြဲတမ်း လမ်းဖွင့်ထားကြောင်း အိန္ဒိယနိုင်ငံ ဟီမာချယ် ပရာဒေ့ရှ် ပြည်နယ် ဒရမ်ရှလာ တွင် သတင်းထောက်များအား ဒလိုင်းလားမားက ပြောကြားခဲ့သည်။

“ကျုပ်က အမြဲတမ်း စကားပြောဖို့ ပွင့်ပွင့်လင်းလင်း လမ်းဖွင့်ပေးထားတယ်။ အခု တရုတ်ကလည်း တိဗက်လူမျိုးတွေရဲ့ စိတ်ဓာတ်  အရမ်း ခိုင်မာတယ်ဆိုတာ သဘောပေါက်လာတယ်။ ဒါကြောင့် တိဗက်ပြဿနာတွေကို ကိုင်တွယ်ဖြေရှင်းဖို့ ကျုပ်ကို ဆက်သွယ်ချင်ကြတယ်။ ကျုပ်ဘက်ကလည်း အဆင်သင့် ရှိပါတယ်။  တိဗက်လွတ်လက်ရေးအတွက် မတောင်းဆိုပါဘူး။ တရုတ်နိုင်ငံ ရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် ဆက်ရှိနေဖို့ နှစ်အတော်ကြာကတည်းက ဆုံးဖြတ်ခဲ့တာပါ... အခုတော့ တရုတ်ကပြောင်းလဲနေပါပြီ။ တရုတ်က တရားဝင်ပဲဖြစ်ဖြစ် တရားဝင်မဟုတ်ပဲ ဖြစ်ဖြစ် ကျုပ်ကို ဆက်သွယ်ချင်နေပါတယ်" ဟု ၎င်းက ပြောသည်။

ဒလိုင်းလားမားသည် တိဗက်ဗုဒ္ဓဘာသာဝင်များ၏ ဘာသာရေး ခေါင်းဆောင်နှင့် နိုဘယ်ဆုရှင်ဖြစ်သည်။ ၁၉၃၅ ခုနှစ် ဇွန် ၆ ရက် တွင်  မွေးဖွားခဲ့ကာ ငယ်နာမည်မှာ လာမိုသွန်ဒပ် ဖြစ်သည်။ အသက် ၂ နှစ်အရွယ်တွင် ၁၄ ဆက်မြောက် ဒလိုင်းလားမား ဆက်ခံသူအဖြစ် သတ်မှတ်ခံခဲ့ရကာ  တိဗက်မြို့တော် လာဆာသို့ ပြောင်းရွှေ့နေထိုင်ခဲ့ရသည်။

၁၉၅၀ ခုနှစ် အောက်တိုဘာတွင် ထောင်နှင့်ချီသော တရုတ်စစ်သားများသည် တိဗက်သို့ ချီတက်၍ တိဗက်ကို တရုတ် လက်အောက်ခံ အဖြစ် ကြေညာခဲ့သည်။ နှစ် အနည်းငယ်အတွင်း တရုတ် သည် တိဗက်အပေါ် တင်းတင်းကျပ်ကျပ် ချုပ်ကိုင် ခဲ့၍ ၎င်း၏ အုပ်ချုပ်ရေးကို တော်လှန်မှုများ ပျံ့နှံ့လာသည်။

အခြေ အနေများ ပိုမိုဆိုးဝါး လာသည်နှင့်အမျှ ဒလိုင်းလားမားသည် ၎င်း၏ မွေးရပ်မြေမှ အိမ်နီးချင်း အိန္ဒိယနိုင်ငံသို့ ၁၉၅၉ ခုနှစ်တွင် ထွက်ပြေးခဲ့သည်။

၀န်ကြီးချုပ် ဂျဝါဟာလာ နေရူး က ၎င်း ကို နိုင်ငံရေးခိုလှုံခွင့် ပေးခဲ့ပြီး ဟီမာချယ် ပရာဒက်ရှ် ပြည်နယ်၊ ဒရမ်ရှာလာမြို့ ရှိ မက်လီရိုဒ်ဂန့်ဂျ် တွင် နေထိုင်ခဲ့သည်။ ထိုနေရာတွင် ပြည်ပရောက် တိဗက်အစိုးရ ၏ ဌာနချုပ်တည်ရှိသည်။

ဒလိုင်းလားမားသည် “ခွဲထွက်ရေး” လှုပ်ရှားမှုများတွင် ပါဝင်လုပ်ဆောင်ပြီး တိဗက်ကို ခွဲထွက်ရန် ကြိုးပမ်းနေသည်ဟု ယခင်ကတည်းက တရုတ်က စွပ်စွဲခဲ့ပြီး ၎င်းကို သဘောထားကွဲလွဲသူအဖြစ် သတ်မှတ်ခဲ့သည်။

သို့သော် တိဗက်ဘာသာရေးခေါင်းဆောင်က လွတ်လပ်ရေးကို မတောင်းဆို ဘဲ တိဗက်လူမျိုးအားလုံး အတွက် “စစ်မှန်သော ကိုယ်ပိုင်အုပ်ချုပ်ခွင့်” ကို တောင်းခံခဲ့သည် ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required