မန္တလေးမြို့လယ်ရှိရွှေဆိုင်ကို အိမ်စီးကားဖြင့် ဓားပြတိုက် ငွေသိန်း ၁,၀၀၀ ကျော် ပါသွားဟုဆို 

By 007 (မဇ္ဈိမ)
28 March 2023
မန္တလေးမြို့လယ်ရှိရွှေဆိုင်ကို အိမ်စီးကားဖြင့် ဓားပြတိုက် ငွေသိန်း ၁,၀၀၀ ကျော် ပါသွားဟုဆို 

မန္တလေးတိုင်း၊ ချမ်းအေးသာစံမြို့နယ်၊ ၈၅(A)လမ်း၊ ၃၁ လမ်းနှင့် ၃၂ လမ်းကြားရှိ စိန်ကျော်မိုးရွှေသန့်ရောင်းဝယ်ရေးဆိုင်တွင် ယမန်နေ့ မတ်လ ၂၇ ရက် ညနေ ၆ နာရီ ၅၀ မိနစ်ခန့်က ဓားပြတိုက်ခံရမှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံက သိရသည်။ 

"သေနတ်နှစ်ချက် သုံးချက်လောက်ဖောက်ပြီး ဓားပြတိုက်သွားတာ၊ အက်ရှင်ကားဆန်ဆန်ဓားပြတိုက်သွားတာ၊ ဓားပြတွေက ကားနဲ့ဗျ၊ ဆိုင်ရှေ့ပိတ်ရပ်ပြီး ငွေထုပ်တွေ တင်ယူသွားတာ ဇာတ်ကားကြည့်နေရသလိုပဲ" ဟု အခင်းဖြစ်စဥ်အနီး နေထိုင်သူတစ်ဦးက ပြောသည်။ 

အဆိုပါ ဓားပြအဖွဲ့တွင် လူသုံးယောက်ပါဝင်ကြောင်း ၊အနက်ရောင်အိမ်စီးကားဖြင့် ရောက်လာပြီး၊ သေနတ်များပစ်ဖောက် ခြိမ်းခြောက်ကာ ဆိုင်ရှင်၏ကားပေါ်သို့ ဆိုင်ဝန်ထမ်းများက တင်ဆောင်နေသည့် ငွေထုပ်များအား ဓားပြတိုက်ယူဆောင်သွားခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့နှင့်နီးစပ်သည့်အသိုက်အဝန်းထံက သိရသည်။ 

စုစုပေါင်းငွေထုပ်လေးထုပ် ဓားပြတိုက်ခံလိုက်ရခြင်းဖြစ်ပြီး ငွေထုပ်တစ်ထုပ်လျှင် ငွေကျပ်သိန်း ၃၀၀ စုစုပေါင်းငွေကျပ်သိန်း ၁,၂၀၀ ပါသွားကြောင်းလည်းသိရသည်။ 

ယနေ့နံနက်ပိုင်းထပ်မံရရှိသည့်သတင်းအရ၊ ၎င်းဓားပြအဖွဲ့အား ဖမ်းဆီးရမိပြီဖြစ်ကြောင်း၊ တိုင်းရဲတပ်ဖွဲ့ရုံးတွင် စစ်ဆေးနေကြောင်း ရဲတပ်ဖွဲ့နှင့်  နီးစပ်သူတစ်ဦးက ပြောသည်။ 

မန္တလေးမြို့တွင် ယခုဓားပြမှု အပါအဝင် တစ်လအတွင်း ဓားပြတိုက်မှု လေးကြိမ် ဖြစ်ပွားခဲ့သည်။

စာတည်း။     ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။   ။သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly