ပါကစ္စတန်၌ ဖြစ်ပွားနေသော မုဒိမ်းမှုများက အမျိုးသမီးများကို ခွဲခြားဆက်ဆံခြင်းနှင့် တရားစီရင်ရေးစနစ်အားနည်းခြင်းတို့ကို ပြသနေ

By ANI 
17 March 2023
ပါကစ္စတန်၌ ဖြစ်ပွားနေသော မုဒိမ်းမှုများက အမျိုးသမီးများကို ခွဲခြားဆက်ဆံခြင်းနှင့် တရားစီရင်ရေးစနစ်အားနည်းခြင်းတို့ကို ပြသနေ

ပါကစ္စန်နိုင်ငံ၊ အစ္စလာမ်မာဘတ်မြို့တော်ရှိ အကြီးဆုံး ဖာတီမာဂျင်းနားပန်းခြံတွင် သူငယ်ချင်းတစ်ဦးနှင့်တူ ညနေခင်းလမ်းလျှောက်ထွက်လာသည့် အမျိုးသမီးငယ်တစ်ဦးကို အမျိုးသားနှစ်ဦးက သေနတ်ပြ ခြိမ်းခြောက် ရိုက်နှက်ကာ လိင်ပိုင်းဆိုင်ရာ ထိပါးစော်ကားခဲ့သည်။ 

ပါကစ္စတန်တွင် ဖေဖော်ဝါရီ ၂ ရက်က ဖြစ်ပွားခဲ့သော အဆိုပါတိုက်ခိုက်မှုအကြောင်းသည် လူမှုမီဒီယာပေါ်တွင် ပျံ့နှံ့သွားပြီး အမျိုးသမီးအရေး တက်ကြွလှုပ်ရှားမှုအဖွဲ့များက ဆန့်ကျင်ဆန္ဒပြခဲ့ကြသည်။

အစ္စလာမ်မာမြို့ဘတ်တွင် ဖြစ်ပွားခဲ့သည့် အဓမ္မပြုကျင့်မှုနှင့် သံသယတရားခံများကို ရဲတပ်ဖွဲ့က သတ်ဖြတ်မှုများဖြစ်ခဲ့ခြင်းတို့ကြောင့် ပါကစ္စတန်အမျိုးသမီးများ၏ အခွင့်အရေးနှင့် နိုင်ငံရှိ တရားစီရင်ရေးစနစ်၏ ချွတ်ယွင်းချက်များကို ပြန်လည်ဆန်းစစ်လာခဲ့ကြသည်ဟု Nikkei Asia သတင်းတွင် ဖော်ပြထားသည်။

ဖြစ်စဉ်ဖြစ်ပွားအပြီး ၂ ပတ်အကြာ ဖေဖော်ဝါရီ ၁၆ ရက်တွင် အစ္စလာမာဘတ်ရဲတပ်ဖွဲ့က စစ်ဆေးရေးဂိတ်တစ်ခုတွင် စစ်ဆေးရန် ရပ်တန့်ခိုင်းစဉ် အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားပြီး သံသယရှိသူ ၂ ဦး သေဆုံးခဲ့ကြောင်း ပြောကြားခဲ့သည်။
ရဲတပ်ဖွဲ့၏ လုပ်ရပ်သည် တရားလက်လွတ်သတ်ဖြတ်မှုဖြစ်ကြောင်း ထိခိုက်နစ်နာခဲ့ရသူ၏ ရှေ့နေနှင့် အခြားသူများက ပြစ်တင်ဝေဖန်ခဲ့ကြသော်လည်း ရဲတပ်ဖွဲ့က ငြင်းဆိုထားသည်။ 

အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပြဿနာနှင့် ရာဇဝတ်မှုဆိုင်ရာ တရားစီရင်ရေးစနစ်အား ပြုပြင်ပြောင်းလဲရန် လိုအပ်နေမှုကို ယခုဖြစ်ရပ်က မီးမောင်းထိုးပြနေကြောင်း ကျွမ်းကျင်သူများက ဆိုသည်။
ပါကစ္စတန်တွင် ၂၀၂၁ ခုနှစ်အတွင်း မုဒိမ်းမှုပေါင်း ၅ ၂၀၀ ဖြစ်ပွားခဲ့ကြောင်း ပါကစ္စတန်လူ့အခွင့်အရေးကော်မရှင် (HRCP) က ထုတ်ပြန်ထားသည်။ မုဒိမ်းမှုဖြင့် ပြစ်ဒဏ်စီရင်ခံရမှုနှုန်းမှာ ၃ ရာခိုင်နှုန်းအောက်သာရှိကြောင်း တက်ကြွလှုပ်ရှားမှုအဖွဲ့အစည်းဖြစ်သည့် War Against Rape အဖွဲ့က ပြောကြားခဲ့သည်ဟု Nikkei Asia က ဖော်ပြခဲ့သည်။

ပါကစ္စတန်လူ့အခွင့်အရေးကော်မရှင် (HRCP) ဥက္ကဋ္ဌဟောင်း ဇိုရာယူဆပ်ဖ်က အမျိုးသမီးများအတွက် ဘောင်ကျဉ်းလာသည်ဟု ယူဆထားသည်။

"ပါကစ္စတန်လို နိုင်ငံမျိုးမှာ အမျိုးသမီးတွေက အတားအဆီးတွေကို ချိုးဖျက်ဖို့ ကြိုးစားတဲ့အခါ လူ့အဖွဲ့အစည်းအတွင်းက မဟာယောကျ်ားဝါဒီတွေက အကြမ်းဖက်မုဒိမ်းကျင့်မှုကို လက်နက်သဖွယ်အသုံးပြုပြီး ရပ်တန့်ဖို့ ကြိုးစားကြပါတယ်" ဟု HRCP ဥက္ကဋ္ဌဟောင်း ဇိုရာယူဆပ်ဖ်ကို ကိုးကား၍ Nikkei Asia တွင် ဖော်ပြခဲ့သည်။ တရားဥပဒေ စိုးမိုးရေး အဖွဲ့အစည်းများသည် ပုံမှန်အားဖြင့် အဓမ္မပြုကျင့်ခံခဲရသူများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း မပြုဘဲ ၎င်းတို့ကို ပိုပြီး ဒုက္ခပေးလေ့ရှိကြောင်း ၎င်းက ဆက်လက်ပြောသည်။

အမျိုးသမီးအခွင့်အရေးအတွက် ၁၉၈၀ ပြည့်လွန်နှစ်များကတည်းက တက်ကြွလှုပ်ရှားခဲ့သူ ယူဆပ်ဖ်က ပါကစ္စတန် လူ့အဖွဲ့အစည်း၏ အဆင့်တိုင်းတွင် အမျိုးသမီးများအပေါ် နှိမ့်ချခွဲခြားဆက်ဆံမှု ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပွားနေကြောင်း ပြောကြားခဲ့သည်။

တရားစီရင်ရေးစနစ် ပိုမိုခိုင်မာအားကောင်းလာလျှင်ပင် အဆိုပါသဘောထားများကို အမြစ်ပြတ်ချေမှုန်းရန် နှစ်ပေါင်းများစွာ အချိန်ယူရဖွယ်ရှိသည်ဟု ၎င်းက ညည်းတွားခဲ့သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required