တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့တွင် မတ်လ ၉ ရက် နေ့ မွန်းလွဲပိုင်းက ဖုန်းဝယ်ရန်ထွက်လာသည့် အမျိုးသမီးငယ်နှစ်ဦး ဆိုင်ကယ်စီးလာစဉ် စစ်ကောင်စီ တပ်သားများက ဖမ်းဆီးစစ်ဆေးပြီး စစ်ကြောရေးသို့ပို့ဆောင်လိုက်ကြောင်း ဒေသခံများထံမှ သိရသည်။
ဖမ်းဆီးခံရသော ဇင်းဘာကျေးရွာမှ အသက်(၁၇) နှစ်ဝန်းကျင်အရွယ် မကေသီသီလင်းနှင့် ကျောက်ရှပ် (နွယ်လီ)ကျေးရွာမှ အသက်(၁၈)နှစ်ဝန်းကျင်ရှိ မသက်မြတ်နိုးတို့နှစ်ဦးသည် ဖုန်းဝယ်ပြီးအပြန် ကလိန် အောင်တံတားအကျော်တွင် ဖမ်းဆီးခံရခြင်းဖြစ်သည်ဟု ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။
ကလိန်အောင်ဒေသခံတစ်ဦးက“ဖမ်းဆီးခံရတဲ့ အမျိုးသမီးငယ်နှစ်ဦးကို ဘာကြောင့် ဖမ်းလိုက်တယ်ဆို တာ တိတိကျကျမသိရသေးဘူး”ဟု ပြောသည်။
လက်ရှိတွင် ဖမ်းဆီးခံရသည့်အမျိုးသမီးငယ်နှစ်ဦးကို စစ်ကောင်စီတပ်က ကလိန်အောင်မြို့မရဲစခန်းတွင် ကနဦး ဖမ်းဆီးစစ်ဆေးပြီးနောက် မတ်လ ၁၀ ရက်နေ့က နေ့လည် ၁၂ နာရီခန့်တွင် အမှတ်(၄၁၀) ခြေမြန် တပ်ရင်း စစ်ကြောရေးသို့ပို့ဆောင်ပြီး ထပ်မံစစ်ဆေးနေကြောင်း ဒေသခံသတင်းရင်းမြစ်များက ဆိုသည်။
ရေဖြူမြို့နယ် ကလိန်အောင်မြို့နှင့် ကံပေါက်ဒေသတို့တွင် စစ်ကောင်စီတပ်က ပြည်သူများကို ဆိုင်ကယ် စီးခွင့်ပိတ်ပင်ထားပြီး ဖမ်းဆီးအရေးယူမှုများလည်း မကြာခဏပြုလုပ်နေကြောင်း သိရသည်။
စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ