သံတောင်မြို့ပေါ်တွင် လူနေအိမ်များအား စစ်ကောင်စီတပ်မှ မီးရှို့

By YT  မဇ္ဈိမ
05 March 2023
သံတောင်မြို့ပေါ်တွင် လူနေအိမ်များအား စစ်ကောင်စီတပ်မှ မီးရှို့

ကရင်ပြည်နယ်၊ သံတောင်မြို့ ၁၃ မိုင်၊ ရပ်ကွက်(၂) ရှိ လူနေအိမ်များအား မတ်လ ၄ ရက်နေ့ ညနေ ၄ နာရီဝန်းကျင်က စစ်ကောင်စီတပ်မှ မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ စစ်ကောင်စီ၏ မီးရှို့ဖျက်ဆီးခြင်းကြောင့် သံတောင်မြို့ ၁၃ မိုင်၊ ရပ်ကွက်(၂) မှ ကျောင်းဆရာမတစ်ဦး၏ နေအိမ်တစ်လုံးအပါအဝင် နေအိမ်သုံးလုံး မီးလောင်ပျက်စီးသွားခဲ့ပြီး ပကူးဘုရားကျောင်းအနီးတွင်လည်း မီးရှို့ခံထားရသော နေအိမ်များရှိကြောင်း ဒေသခံတစ်ဦးထံမှ သိရသည်။

“ရပ်ကွက်(၂)က အိမ်တွေကို ရှို့တာ။ အရှို့ခံရတာကတော့ သုံးလုံးရှိပြီ။ ပြီးတော့ ပကူးဘုရားကျောင်းနား မှာလည်း မီးရှို့ခံထားရတာရှိတယ်။ မီးခိုးတွေ မဲနေတာပဲ အဝေးကြီးကနေကို လှမ်းမြင်နေရတယ်” ဟု ဒေသခံတစ်ဦးကပြောသည်။

စစ်ကောင်စီတပ်နှင့် KNU တပ်မဟာ(၂) KNLA ပါဝင်သော ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များ အကြား စစ်ရေးတင်းမာမှုကြောင့် သံတောင်မြို့ပေါ်နှင့်အနီးအနားကျေးရွာများရှိ ဒေသခံများသည် နေအိမ်စွန့်ခွာ၍ ဘေးကင်းရာသို့ တိမ်းရှောင်နေရသည်မှာ အချိန်နှစ်လနီးပါး ကြာမြင့်နေပြီဖြစ်၍ စားရေး သောက်ရေးအပြင် နေထိုင်ရေးပါကျပ်တည်းလာကြောင်း သိရသည်။ “ လူဘေးလွတ်ရင်ရပြီဆိုပေမယ့် ကိုယ်တိုင် သွေးတွေချွေးတွေနဲ့ရှာထားရတဲ့အိမ်မို့ မီးရှို့သွားမှာကို စိုးရိမ် နေရတယ်။

အိမ်မှာလည်း ပြန်မနေရဲဘူး၊ နှစ်လပြည့်တော့မယ် သူများအိမ်မှာ နေ နေရတာ။ ပြန်မယ်လုပ် လိုက် သူတို့( စစ်ကောင်စီ)တွေက စစ်ကြောင်းထိုးလာလိုက်၊ အိမ်တွေမီးရှို့လိုက်နဲ့ အခုထိမပြန်ရသေး ဘူး။ ဘယ်နေ့ ကိုယ့်အိမ်မီးရှို့ခံရမလဲ စိုးရိမ်နေရတယ်” ဟု စစ်ရှောင်အမျိုးသမီးတစ်ဦးက မဇ္ဈိမကိုပြော သည်။

ပြီးခဲ့သည့် မတ်လ ၂ ရက်နေ့ နံနက်ပိုင်းတွင် သံတောင်မြို့ ဘိုတဲကုန်းရွာအတွင်း စစ်ကောင်စီတပ်မှ လက် နက်ကြီးများဖြင့်ပစ်ခတ်၍ စစ်ကြောင်းထိုးလာခဲ့ပြီး နေအိမ်တစ်လုံးအပါအဝင် ဆိုင်ကယ်လေးစီးအား မီးရှို့ခဲ့ကာ ဒေသခံနှစ်ဦးအား ယခုချိန်ထိ ဖမ်းဆီးထားဆဲဖြစ်သည်။ ထိုသို့လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် အသက်ရှစ်နှစ်အရွယ် ကလေးငယ်တစ်ဦး လက်နက်ကြီး ကျည် ထိမှန်ဒဏ်ရာရခဲ့သည်။

ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ(၂) နယ်မြေ၊ တောင်ငူခရိုင်အတွင်းရှိ သံတောင်မြို့တွင် ၂၀၂၃ ခုနှစ် ဇန်နဝါရီလ နောက်ဆုံးအပတ်မှစ၍ စစ်ကောင်စီတပ်မှ စစ်ကြောင်းထိုးခြင်း၊ လက်နက်ကြီး များဖြင့် ပစ်ခတ်ခြင်းအပြင် ဒေသခံနေအိမ်များ၊ ဆိုင်ကယ်၊ ကားများအား မီးရှို့ခြင်းတို့ကြောင့် ဒေသခံများ အနေဖြင့် ဘေးလွတ်ရာသို့ ရှောင်တိမ်းနေရပြီး အခက်အခဲများစွာ ကြုံတွေ့နေရကြောင်း သိရသည်။

စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required