စစ်ကောင်စီတပ် ဖမ်းဆီးသွားသော ဓါတ်ပုံဆရာ နာရီပိုင်းအတွင်းသေဆုံး

စစ်ကောင်စီတပ် ဖမ်းဆီးသွားသော ဓါတ်ပုံဆရာ နာရီပိုင်းအတွင်းသေဆုံး

 မန္တလေးမြို့နေ ဓါတ်ပုံဆရာတစ်ဦးမှာ ဖေဖော်ဝါရီ ၁၉ရက်၊ ညနေက စစ်ကောင်စီတပ်ဖွဲ့၏ အကြမ်းဖက်ဖမ်းဆီးခံရပြီးနောက်ပိုင်း နာရီပိုင်းအတွင်းမှာပင် သေဆုံးသွားသည်။ 
မဟာအောင်မြေမြို့နယ်၊ ၈၂ လမ်းနှင့် ၄၄လမ်း၊ မဟာမုနိဘုရားကြီးအနီးရှိ နေအိမ်တွင် ညနေ ၆နာရီခန့်က ဓါတ်ပုံဆရာ ကိုအောင်ဝင်းထွဋ်(ခ)ကိုအောင်(ဆောင်းနှင်းဖြူ)ကို စစ်ကောင်စီမှ သေနတ်ပစ်ဖောက် ရိုက်နှက် ဖမ်းဆီးသွားခဲ့သည်။ ည ၉နာရီ၌ သေဆုံးသွား​၍ အလောင်းလာထုတ်ယူရန် မိသားစုထံ အကြောင်းကြားခဲ့ခြင်းဖြစ်သည်။
"ဘာကြောင့် ဖမ်းတယ်ဆိုတာမသိရဘူး။စစ်ကားနဲ့လာပြီး သေနတ် နှစ်ချက်ဖောက် ဖမ်းသွားတာပဲ။အလောင်းကို ဆေးရုံကြီးပို့လိုက်ပြီး အ​ဲဒီမှာ အလောင်းသွားထုတ်ပါလို့ အကြောင်းကြားတယ်။"ဟု မိသားစုနှင့်နီးစပ်သူ တစ်ဦးကပြောသည်။
သေဆုံးသူနှင့်လုပ်ဖော်ကိုင်ဘက် တစ်ဦးကလည်း"ပျော်ပျော်နေတတ်တဲ့သူ တက်ကြွတဲ့သူ။သူဟာ သူ့အလုပ်သူ ရိုးရိုးသားသား လုပ်နေသူ။ဒီလိုလူကို ဖမ်းပြီး သတ်လိုက်တာ ပြောဖို့ စကားမရှိတော့ဘူး။သိပ်ဝမ်းနည်းဖို့ကောင်းတယ်။"ဟုပြောသည်။
သေဆုံးသူ အဖမ်းခံရသည့် ညမှာပင် မဟာမုနိဘုရားကြီး အနီးရှိ ရပ်ကွက် များမှ  လူငယ်တစ်ချို့လည်း ဖမ်းဆီးခံခဲ့သည်။
သေဆုံးသွားသူ ကိုအောင်ဝင်းထွဋ်၏ အလောင်းကို ဆေးရုံကြီးမှ ထုတ်ယူပြီး ဖေဖော်ဝါရီ ၂၁ရက်၊မွန်းလွဲပိုင်းတွင် သင်္ဂြ ိုလ်ခဲ့ကြောင်းသိရသည်။
သေဆုံးသွားသူ ကိုအောင်ဝင်းထွဋ်သည် မန္တလေးတက္ကသိုလ် ကျောင်းသားဟောင်းဖြစ်ပြီး ဓါတ်ပုံ၊ဗီဒီယိုရိုက်ကူးခြင်းဖြင့် အသက် မွေးဝမ်းကြောင်းနေသူဖြစ်ကြောင်းသိရသည်။
ဓါတ်ပုံ- သေဆုံးသူ ကိုအောင်ဝင်းထွဋ်(ခ)ကိုအောင်(ဆောင်းနှင်းဖြူ)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required