စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကို တန်ပြန်ဖို့ နိုင်ငံတကာက အမြန်ကူညီဖို့လိုနေပြီ | သတင်းသုံးသပ်ချက်

By လုံးကြီးတင်
21 February 2023
စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကို တန်ပြန်ဖို့ နိုင်ငံတကာက အမြန်ကူညီဖို့လိုနေပြီ | သတင်းသုံးသပ်ချက်

အကြမ်းဖက် စစ်ကောင်စီက ပြည်သူလူထုကို လေကြောင်းကနေ တိုက်ခိုက်ခဲ့တာဟာ အာဏာသိမ်းခဲ့တဲ့ နှစ်နှစ်ကျော် ကာလအတွင်း အကြိမ်ပေါင်း ၃၀၀ ကျော်ရှိပြီလို့ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးဆိုင်ရာ မြန်မာ အင်စတီကျု (MIPS) ရဲ့ စာရင်းဇယားတွေအရ သိရပါတယ်။

ဒီစာရင်းက ရရှိထားတဲ့ အချက်အလက်တွေအပေါ်မှာ မူတည်ပြီး တွက်ချက်ထားတာဖြစ်ပြီး တကယ်တမ်း မြေပြင်က အရေအတွက်က အခုစာရင်းထက် ပိုများနိုင်တယ်လို့ MIPS ရဲ့ အမှုဆောင်ဒါရိုက်တာ ကိုမင်းဇော်ဦးက ဘီဘီစီကို ပြောထားပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရကတော့ စစ်ကောင်စီဟာ အာဏာသိမ်းပြီး နှစ်ကျော်ကာလအတွင်း လေကြောင်းတိုက်ခိုက်မှု ၆၅၂ ကြိမ် ပြုလုပ်ခဲ့ပြီး အဲဒီလိုတိုက်ခိုက်မှုကြောင့် သေဆုံးသူ ၂၈၈ ဦးနဲ့ ဒဏ်ရာရသူ ၃၇၇ ဦး ရှိခဲ့တယ်လို့ ထုတ်ပြန်ထားပြီး သေဆုံး၊ ဒဏ်ရာရသူ အများစုဟာ အရပ်သားတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်တွေဟာ ၂၀၂၂ ခုနှစ် နှစ်ကုန်ပိုင်းနဲ့ ၂၀၂၃ နှစ်ဆန်းပိုင်းတွေမှာ လေကြောင်းက တိုက်ခိုက်မှုတွေ အကြိမ်အရေအတွက် ပိုများများ လုပ်လာခဲ့တာ ဖြစ်ပါတယ်။

KNU ထိန်းချုပ်နယ်မြေတွေဖြစ်တဲ့ မူတြော်ခရိုင် တပ်မဟာ နယ်မြေနဲ့ ဒူးပလာယာခရိုင် တပ်မဟာ နယ်မြေတွေမှာ ဇန်နဝါရီလ တစ်လတည်းကို စစ်ကောင်စီက လေကြောင်းက တိုက်ခိုက်ခဲ့တာ ၅၇ ကြိမ်ရှိခဲ့တာပါ။

KNU ထိန်းချုပ်နယ်မြေတွေဖြစ်တဲ့ တောင်ငူခရိုင်၊ ညောင်လေးပင်ခရိုင်၊ ဘိတ် ထားဝယ် ခရိုင်၊ မူတြော် (ဖာပွန်) ခရိုင်၊ ဒူးပလာယာခရိုင်၊ ကော့ကရိတ်မြို့နယ် စတဲ့ဒေသတွေမှာ တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင် ပြည်သူပေါင်း သိန်းကျော်အထိ ရှိနေပါပြီ။

ဒီနေ့ ဖေဖော်ဝါရီ ၂၀ ရက်နေ့ မနက် နာရီခွဲအချိန်ကလည်း KNU - ဒူးပလာယာခရိုင်၊ ကော့ကရိတ်မြို့နယ်ကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကျဲတိုက်ခိုက်တာတွေ လုပ်ခဲ့တယ်လို့ KNU - ဒူးပလာယာခရိုင်က သတင်း ထုတ်ပြန်ထားပါတယ်။

မြေပြင်စိုးမိုးမှု မရနိုင်တဲ့ စစ်ကောင်စီဟာ လေကြောင်းကိုပဲ ပိုပြီး အားကိုးလာမယ့်သဘော ရှိတယ်ဆိုတာ တော်လှန်ရေး တပ်ဖွဲ့ဝင်တွေက တွက်ဆထားပြီး ဖြစ်သလို၊ လေကြောင်းရန်ကာကွယ်မှုတွေ အတွက်လည်း ကြိုတင်ပြင်ဆင်တာတွေ လုပ်နေရပါပြီ။

စစ်ကောင်စီအနေနဲ့ ပြည်သူလူထုအပေါ် အညှိုးတကြီးနဲ့ ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်နေတာဖြစ်ပြီး ပြည်သူအပေါ် ရန်လိုမှုကလည်း တဖြည်းဖြည်း ပိုမိုဆိုးရွားလာနေပြီ ဖြစ်ပါတယ်။

မြေပြင်မှာ တိုက်ပွဲဆင်တဲ့အခါမှာလည်း စစ်ကောင်စီဘက်က လက်နက်၊ လူသူ သာလွန်အင်အား သုံးပြီး တိုက်ခိုက်နေတာ သတင်းတွေအရတွေ့ရမှာပါ။

ဒါပေမယ့် မြေပြင်တိုက်ပွဲတွေကတော့ နေရာတိုင်းမှာ စစ်ကောင်စီဘက်က သာလွန်အင်အား မသုံးနိုင်တဲ့ အပြင် အကျအဆုံးများနေတဲ့အတွက် လေကြောင်းက တိုက်ခိုက်တာကို ဖိလုပ်လာတာ ဖြစ်ပါတယ်။ စစ်ကောင်စီရဲ့ လေကြောင်းက တိုက်ခိုက်မှုဟာ ရှေ့လျှောက် ပိုများလာဖို့ပဲ ရှိတယ်ဆိုတာ တော်လှန်ရေး အင်အားစုတွေက တွက်ဆထားပါတယ်။

စစ်ကောင်စီအနေနဲ့ လေကြောင်းက တိုက်ခိုက်တာတွေ လုပ်နေပေမယ့် ဒါဟာ စစ်ရေးအရ အသာစီး ရတာ မဟုတ်ဘူးလို့ စစ်ရေးကျွမ်းကျင်သူတစ်ဦးက ဘီဘီစီကို ပြောထားပါတယ်။

လေကြောင်းတိုက်ခိုက်ပြီးရင် မြေပြင်က ဝင်စီးပြီး စခန်းတွေ သိမ်းရမှာဖြစ်ပေမယ့် အဲဒါမျိုး စစ်ကောင်စီဘက်က မလုပ်နိုင်သေးဘူး၊ လေကြောင်းက တိုက်ခိုက်တာဟာ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ပြည်သူတွေကို ခြိမ်းချောက်တာ၊ စိတ်ဓာတ်စစ်ဆင်ရေး လုပ်တာသာ ဖြစ်တယ်လို့ သူက ဆိုပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် စစ်ကောင်စီရဲ့ လေကြောင်းကတိုက်ခိုက်မှု ပိုများလာနိုင်စရာပဲ ရှိတာရယ်၊ အရပ်သား ပြည်သူတွေ ထိခိုက်မှု များနေတာရယ်ကြောင့် စိုးရိမ်စရာ တော်တော်ကောင်းနေပါပြီ။

ဒါကြောင့်လည်း နိုင်ငံတကာ အနေနဲ့ လေယာဉ်ပစ် လက်နက်တွေ အကူအညီပေးဖို့ အမျိုးသား ညီညွတ်ရေး အစိုးရက နိုင်ငံတကာကို ထပ်မံတောင်းဆိုထားတာ သိရှိရပါတယ်။ ဒါ့အပြင် လေကြောင်းတိုက်ခိုက်မှုတွေကို ကြိုတင်အသိပေး ကာကွယ်နိုင်ဖို့အတွက် လေကြောင်းကင်းထောက်တွေအဖြစ် တာဝန်ထမ်းဆောင်ဖို့ ပြည်သူတွေကို ပြီးခဲ့တဲ့ ကြာသပတေးနေ့ကစပြီး ဖိတ်ခေါ်ထားပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ အနေနဲ့ လေကြောင်းပစ်လက်နက်တွေ ရှိပေမယ့် လေကြောင်းရန်ကာကွယ်ဖို့ မလုံလောက်တဲ့အတွက် နိုင်ငံတကာကနေ အကူအညီပေးဖို့ ထပ်မံတောင်းဆိုလိုက်တာ ဖြစ်ပါတယ်။

စစ်ကောင်စီကို အပြီးသတ် အမြစ်မဖြတ်နိုင်ခင်မှာ ပြည်သူလူထု အထိ ဒီထက်မနာစေဖို့အတွက် လေကြောင်းရန်ကာကွယ်ရေးက အရေးတကြီးလိုအပ်နေပါပြီ။

NUG နဲ့ သံတမန် ဆက်ဆံရေး တိုးတက်နေပြီဖြစ်တဲ့ နိုင်ငံတကာအနေနဲ့ မြန်မာပြည်သူတွေကို စာနာနားလည်တယ်၊ ပြည်သူတွေဘက်မှာ ရှိတယ်ဆိုရင် လက်ရှိအခြေအနေ အမှန်ကို သေချာသုံးသပ်ပြီး လေကြောင်းရန် ကာကွယ်ဖို့ လက်နက်တွေ ကူညီဖို့ အပူတပြင်း လိုအပ်နေပြီဖြစ်ကြောင်း ဖော်ပြလိုက်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required