ပါကစ္စတန်နိုင်ငံ ဘာလိုချီစတန်ပြည်နယ်တွင် ဘဏ္ဍာရေးအခက်အခဲနှင့် ရင်ဆိုင်နေရ

By Dawn
09 February 2023
ပါကစ္စတန်နိုင်ငံ ဘာလိုချီစတန်ပြည်နယ်တွင် ဘဏ္ဍာရေးအခက်အခဲနှင့် ရင်ဆိုင်နေရ

ပါကစ္စတန်နိုင်ငံ ဘာလိုချီစတန်ပြည်နယ်ဝန်ကြီးချုပ် အဗ္ဗဒူကူဒိုးဘစ်ဇန်ဂျိုနှင့် ဘဏ္ဍာရေးဝန်ကြီး ဇမ်ရက်ခန်း ပီရာလီဇိုင်းတို့သည် ပြည်နယ်၏ အခက်အခဲကို ဖက်ဒရယ်အစိုးရထံ အကြိမ်များစွာ တင်ပြတောင်းဆိုခဲ့သော်လည်း ဗဟိုအစိုးရက ယခုအချိန်အထိ တုံ့ပြန်မှုမရှိသေးပေ။

ယင်းပြည်နယ်သည် ရေဘေးကယ်ဆယ်ရေး အတွက်ပင် ပါကစ္စတန်အစိုးရထံမှ ငွေကြေးတစ်စုံတစ်ရာ မရရှိသေးပေ။ ယမန်နှစ်က ဖြစ်ပွားခဲ့သည့် အဆိုပါရေလွှမ်းမိုးမှုကြောင့် ပြည်နယ်၏ ခရိုင် ၃၅ ခုအနက် ၂၈ ခုတွင် မိသားစုပေါင်း သိန်းနှင့်ချီ၍ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည်။

ရေကြီးမှုဒဏ်ခံခဲ့ရသော ဒေသများတွင် ပြန်လည်ထူထောင်ရေးနှင့် အခြေခံအဆောက်အအုံများ ပြန်လည် တည်ဆောက်ရေးတို့အတွက် ရူပီး ၁၀ ဘီလီယံ ထောက်ပံ့မည်ဟု ဝန်ကြီးချုပ် ရှဘက်ရှရစ်ဖ်က  ကြေညာခဲ့ သော်လည်း ဘာလိုချီစတန်၏ ဘဏ္ဍာရေးဌာနသည် ယခုအချိန်အထိ မည်သည့်အထောက်အပံ့ကိုမျှ မရရှိသေးဟု ဆိုသည်။

ပြည်နယ်အစိုးရသည် ကိုယ်ပိုင်အရင်းအမြစ်များမှ ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးအတွက် ငွေကြေးပမာဏများစွာ သုံးစွဲခဲ့ရကြောင်း တာဝန်ရှိသူတစ်ဦးက Dawn သို့ ပြောကြားခဲ့သည်။

ပြည်နယ်သည် ရန်ပုံငွေပြတ်လပ်နေပြီး ဖက်ဒရယ်အစိုးရအနေဖြင့် ပေးရန်ရှိသော ရူပီး ၇၅ ဘီလီယံကို မထုတ်ပေးပါက ၎င်း၏ ဝန်ထမ်းများအား လစာပေးချေနိုင်မည်မဟုတ်ကြောင်း ပြည်နယ်အစိုးရ၏ ပြောရေးဆိုခွင့်ရှိသူ ဖာရာ အဇိမ်းရှားက သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောကြားခဲ့သည်။

ပါကစ္စတန်အစိုးရသည် ရန်ပုံငွေများကို ရည်ရွယ်ချက်ရှိရှိ ကိုင်ဆောင်ထားသည်ဟု ပြည်နယ်ပြောရေးဆိုခွင့်ရှိသူက စွပ်စွဲခဲ့ပြီး ပြည်နယ်သို့ တတ်နိုင်သမျှ အမြန်ဆုံး လွှဲပေးရန် တောင်းဆိုလိုက်ပြီး သို့မဟုတ်ပါက ပြည်နယ်သည် ကပ်ဘေးကြုံရလိမ့်မည်ဟု သူမက ပြောသည်။

ပြည်နယ်အစိုးရ၏ ဘဏ္ဍာငွေအများစုကို တရားဥပဒေစိုးမိုးရေးတွင် အဓိက အသုံးပြုခဲ့ပြီး ဒုတိယအနေဖြင့်  အစိုးရဝန်ထမ်းများအား လစာနှင့် ပင်စင်ပေးဆောင်ခြင်းတို့တွင် အသုံးပြုသည်ဟု ပြောရေးဆိုခွင့်ရှိသူက ပြောသည်။ 
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required