အမေရိကန် အထက်လွှတ်တော်က တရုတ်ကို ဦးတည်သည့် ဒေါ်လာ ၂၈၀ ဘီလီယံသုံးစွဲမည့် စက်မှု မူဝါဒဥပဒေကြမ်းကို အတည်ပြု

အမေရိကန် အထက်လွှတ်တော်က တရုတ်ကို ဦးတည်သည့် ဒေါ်လာ ၂၈၀ ဘီလီယံသုံးစွဲမည့် စက်မှု မူဝါဒဥပဒေကြမ်းကို အတည်ပြု

အမေရိကန် အထက်လွှတ်တော်သည် တရုတ်နိုင်ငံကို ဦးတည်ချက်ထားကာ တုံ့ပြန်ရန်နှင့် အမေရိကန်၏ ယှဉ်ပြိုင်နိုင်စွမ်းနှင့် အမျိုးသားလုံခြုံရေးကို မြှင့်တင်ရန် အမေရိကန်ဒေါ်လာ ၂၈၀ ဘီလီယံသုံးစွဲမည့် စက်မှုမူဝါဒ ဥပဒေကြမ်းကို ဇူလိုင် ၂၇ ရက် တွင် အတည်ပြုလိုက်သည်။

''ဒီနေ့ အထက်လွှတ်တော်က ကုန်ကျစရိတ်တွေ နည်းစေပြီး အလုပ်အကိုင်ဖန်တီးပေးမယ့် သမိုင်းဝင် ဥပဒေ မူကြမ်းကို အတည်ပြုလိုက်ပါတယ်။ အမေရိကန်တွေ စီးပွားရေးအခြေအနေနဲ့ နေထိုင်မှုကုန်စရိတ်တွေကို စိုးရိမ်နေတာကြောင့် CHIPS (Creating Helpful Incentives to Produce Semiconductors for America Act) ဥပဒေကြမ်းဟာ အမေရိကမှာ တစ်ပိုင်းလျှပ်ကူးပစ္စည်းထုတ်လုပ်မှုကို အရှိန်မြှင့်ပေးမှာ ဖြစ်ပြီး ကားကနေ ပန်းကန်ဆေးစက်အထိ အားလုံးရဲ့ စျေးနှုန်းတွေကို လျှော့ချမှာဖြစ်ပါတယ်” ဟု ဂျိုးဘိုင်ဒင်၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

အဆိုပါဥပဒေသည် တရုတ်နှင့် ပထဝီနိုင်ငံရေးအရ ပြိုင်ဆိုင်မှုပြင်းထန်လာမှုကို ဖြေရှင်းရန် ရေရှည်မဟာဗျူဟာတစ်ရပ်ကို ဖော်ဆောင်ရာတွင် အယူဝါဒမတူညီသည့် ကွန်ဂရက်အတွင်း ရှားရှားပါးပါး မှတ်သားလောက်သည့် သဘောတူညီမှုဖြစ်သည်။

'အမေရိကန်နိုင်ငံက စားသုံးသူတွေနဲ့ အမျိုးသားလုံခြုံရေးအတွက် လိုအပ်နေတဲ့ အရေးပါတဲ့ နည်းပညာတွေ အတွက် နိုင်ငံခြားတိုင်းပြည်တွေကို ကျွန်တော်တို့ ဘယ်တော့မှ အားမကိုးပါဘူး။ ဒီဥပဒေပြဌာန်းမှုအတွက် ပါတီ ၂ ရပ်စလုံးက အထက်လွှတ်တော်အမတ်တွေကို ကျေးဇူးတင်ကြောင်းပြောပါရစေ' ဟု ကြေညာချက်တွင် ဖော်ပြထားသည်။

ရီပတ်ဘလစ်ကန်ပါတီ၏ ထောက်ခံမှုအချို့ဖြင့် အတည်ပြုနိုင်ဖွယ်ရှိသော အဆိုပါဥပဒေအား အောက်လွှတ်တော် က ဆက်လက်စဉ်းစားမည်ဖြစ်သည်။ အဆိုပါ ဥပဒေကြမ်းကို တစ်နှစ်ကျော်ကြာ ကူညီထောက်ခံပေးခဲ့သော သမ္မတ ဘိုင်ဒင်က ယခုသီတင်းပတ် အစောပိုင်းတွင် လက်မှတ်ရေးထိုးကာ ဥပဒေအဖြစ် အသက်သွင်းမည်ဖြစ်သည်။

စီးပွားရေးနှင့် အမျိုးသားလုံခြုံရေးမူဝါဒ ပေါင်းစပ်ထားသည့် ဥပဒေကြမ်းသည် အမေရိကန်မှ ချစ်ပ်များ ထုတ်လုပ်သည့်ကုမ္ပဏီများအား ထောက်ပံ့ကြေးများနှင့် ထပ်ဆောင်းအခွန်ငွေလျှော့ပေးမှုအဖြစ် အမေရိကန် ဒေါ်လာ ၅၂ ဘီလီယံ ထောက်ပံ့ပေးမည်ဖြစ်သည်။

အထူးသဖြင့် ဉာဏ်ရည်တု၊ စက်ရုပ်၊ ကွမ်တမ် တွက်ချက်ခြင်း နှင့် အခြားနည်းပညာအများအပြားတွင် သိပ္ပံဆိုင်ရာ သုတေသနပြုမှုတွင် အမေရိကန်ဒေါ်လာ ဘီလျံ ၂၀၀ ကိုလည်း ပေးအပ်သွားမည်ဟု The New York Times က ဖော်ပြခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required